3 ပတ် - ဘာသာပြန်ပါ။

"အခြေခံ ဇီဝဗေဒ" ဆောင်းပါးစဉ်နဲ့ မိတ်ဆက်ခြင်း
-----
~ Kyaw Zwar Lynn | Oct 2020 - Jan 2021
ဒီတစ်ခေါက်မှာတော့ ကျွန်တော့်ရဲ့ "အခြေခံ ဇီဝဗေဒ" ဆိုတဲ့ ဆောင်းပါးစဉ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစာတွေကို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရေးဖြစ်တာပါ။ ဒီ link ကနေ ဖတ်နိုင်ပါတယ်။
-----
အခြေခံ ဇီဝဗေဒ
https://kyawzwarlynnpublicatio....ns.wordpress.com/bio
-----
မြန်မာနိုင်ငံရဲ့ လူထုသိပ္ပံစာပေထဲမှာ ဇီဝဗေဒ အကြောင်းအရာက နည်းပါးပါတယ်။ မြန်မာစာဖတ် ပရိသတ်က ရူပဗေဒနဲ့ နက္ခတ္တဗေဒလို ဘာသာရပ်တွေအတွက် စာအုပ်တွေ ဆောင်းပါးတွေ အများကြီး ရှိနေတာကြောင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပေမယ့် ဇီဝဗေဒဘက်မှာ ဖတ်စရာ များများစားစား မရှိသေးပါဘူး။ ဒါကြောင့် ဇီဝဗေဒ သဘောတရားတွေကို ပိုစိမ်းနေမယ်လို့ ကျွန်တ​ော် ထင်ပါတယ်။ ကျွန်တော် တွေ့မိသလောက် ဆရာခန့်စိုးနိုင်ရဲ့ စာအုပ်နဲ့ ဆောင်းပါးတွေ၊ တက္ကသိုလ်ဝင်တန်း သင်ရိုးကို ပို့ချသူတွေက ရေးသားတာတွေ၊ ပညာရပ်ဆိုင်ရာ ဂရု တချို့မှာ ရေးတာတွေ နည်းနည်းပါးပါးလောက်ပဲ တွေ့ဖူးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ၂၀၁၂ ခုနှစ်လောက်မှာ ကမ္ဘာဂြိုဟ်သမိုင်း (တနေ့က တင်လိုက်တဲ့ ပို့စ်) အကြောင်း စာမူအဟောင်းကို စရေးဖြစ်ခဲ့တယ်။ ဒါပေမယ့် ဇီဝဗေဒချည်းသက်သက်တော့ မဟုတ်ပါ။ ဇီဝဗေဒကို ၂၀၁၆ နောက်ပိုင်းမှ ပိုရေးဖြစ်လာတာပါ။
ဇီဝဗေဒအတွက် အခြေခံပညာသင်ရိုးတွေမှာ ပါသင့်သလောက် ပါပေမယ့်၊ ကျောင်းသားတွေချည်း မဟုတ်ဘဲ လူအများဖတ်လို့ အဆင်ချောအောင် ပြည့်ပြည့်စုံစုံလေး တစ်ကြိမ်တော့ ရေးသားဖော်ပြထားရင် ကောင်းမယ်လို့ တွေးမိလို့ ဒီဆောင်းပါး (၁၁)ခုကို ရေးဖြစ်သွားတာပါ။ ကျွန်တော် ဇီဝဗေဒ အကြောင်းအရာတွေကို မြန်မာလို ရေးသားဆွေးနွေးတဲ့အခါ အကြိမ်တိုင်းမှာ ပြန်ရှင်းပြစရာ မလိုဘဲ၊ ဒီဆောင်းပါးတွေကိုပဲ ထပ်တလဲလဲ ကိုးကားသုံးစွဲဖို့လည်း အဆင်သင့်ဖြစ်သွားတာပေါ့။ အချက်အလက်အတွက်ကိုတော့ ဇီဝဗေဒ ဖတ်စာအုပ်ဖြစ်တဲ့ Campbell Biology 10th Edition ကို အဓိက မှီငြမ်းခဲ့ပါတယ်။
"သက်ရှိလောကရဲ့ အဆင့်ဆင့် ဖွဲ့တည်ပုံ" ခေါင်းစဉ်မှာ ဒီအန်အေ နဲ့ ပရိုတင်းလို အခြေခံမော်လီကျူးလေးတွေကနေ ဆဲလ်တွေ၊ သက်ရှိခန္ဓာတွေ၊ ဂေဟစနစ်တွေအထိ ဘယ်လို စုဖွဲ့ပြုမူကြသလဲဆိုတာကို တွေ့ရပါမယ်။ တခါ "သက်ရှိဆဲလ်" ခေါင်းစဉ် အောက်မှာတော့ ဘက်တီးရီးယားလို ပရိုကယ်ရီယုတ် (prokaryote) ဆဲလ်သက်ရှိ နဲ့ ကျွန်တော်တို့ရဲ့ ယူကယ်ရီယုတ် (eukaryote) ဆဲလ်တွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို မိတ်ဆက်ထားတယ်။
ကျန်တဲ့ခေါင်းစဉ် အတော်များများကတော့ ဇီဝဓာတုဗေဒ အကြောင်းအရာတွေပါ။ သကြား နဲ့ အဆီဆိုတာ ဘာလဲ။ ပရိုတင်း နဲ့ ဒီအန်အေ ဆိုတာဘာလဲ။ သူတို့က သက်ရှိမှာ ဘာအလုပ်လုပ်သလဲ။ သူတို့ကို ဘယ်လို ထုတ်လုပ်သလဲ စတာတွေပေါ့။ ပြီးတော့ သက်ရှိက အစာအာဟာရထဲကနေ စွမ်းအင်ကို မိုက်တိုခွန်ဒြီယွန် (mitochondrion) တွေမှာ ဘယ်လိုထုတ်ယူသလဲ၊ နေအလင်းရောင်ကနေ အစာအာဟာရ ပြုလုပ်တဲ့ ဖိုတိုဆင်းသဆစ် ဖြစ်စဉ်ဆိုတာ ဘာလဲ၊ သက်ရှိရပ်တည်ဖို့ အစာအာဟာရအပြင် ဘာတွေလိုအပ်သလဲ၊ ဘယ်ရင်းမြစ်တွေကနေ အဲဒီ့လိုအပ်ချက်တွေကို ရယူသလဲ စတာတွေကို ဆွေးနွေးထားပါတယ်။
တက္ကသိုလ်ဝင်တန်း ဇီဝဗေဒမှာလည်း ဒါတွေ ဖော်ပြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့် ဆောင်းပါးတွေက အသေးစိတ် အချက်အလက်ထက် လူအများ နားလည်ဖို့ အထွေထွေ ဗဟုသုတ ဆန်ဆန် ဖော်ပြထားတာပါ။ ပြီးတော့ မူရင်း ဖတ်စာအုပ်တွေမှာ မဖော်ပြဖြစ်တာတချို့ကိုလည်း ဆွေးနွေးထားပါတယ်။
ကျွန်တော်တို့ ခေတ်က ဇီဝဗေဒ သင်ရိုးတွေမှာ fermentation (ကစော်ဖောက်ခြင်း) နဲ့ anaerobic respiration ကို တူသယောင် ဖော်ပြခဲ့ပေမယ့် အဲဒါတွေ ဘာလို့ မတူဘူးလဲဆိုတာကိုလည်း "အသက်ရှူခြင်းရဲ့ ဓာတုဗေဒ" ခေါင်းစဉ်အောက်မှာ ချက်ကျလက်ကျ ရှင်းပြထားပါတယ်။
သက်ရှိရပ်တည်ဖို့အတွက် (၁) ကာဘွန်ရင်းမြစ်၊ (၂) ကာဘွန်တွေကို အသွေးအသားဖြစ်အောင် တွဲဆက်ပေးမယ့် အီလက်ထရွန်၊ (၃) အီလက်ထရွန်ကို ထုတ်နုတ်ယူပေးမယ့် ဓာတ်တိုးပစ္စည်း ဆိုပြီး ရင်းမြစ် (၃) မျိုး ရှိကြောင်း၊ အဲဒါတွေအတွက် ပရိုကယ်ရီယုတ် အဏုဇီဝတွေမှာ လူ အပါအဝင် ယူကယ်ရီယုတ် သက်ရှိတွေထက် ဘယ်လို အဆင့်မြင့် ရှုပ်ထွေးတဲ့ ရှင်သန်ရပ်တည်နည်းတွေ ရှိနေကြောင်းကို အထွေထွေ အဏုဇီဝဗေဒနဲ့ပါ ချိတ်ဆက် ဆွေးနွေးပြထားပါတယ်။ အဏုဇီဝဗေဒ အတွက်ကိုတော့ Prescott's Microbiology 10th Edition ဖတ်စာအုပ်ကို မှီငြမ်းခဲ့ပါတယ်။
နောင်များကျရင် သက်ရှိ မျိုးစုံမျိုးကွဲတွေ အတွက်လည်း အလားတူ မိတ်ဆက် ဆောင်းပါးစဉ် တစ်ခုလုပ်သွားဖို့ စဉ်းစားထားပါတယ်။ ဥပမာ၊ အာသရိုပေါ့ (arthropod) ဆိုတာ ဘာလဲ၊ ဆက်ဖလိုပေါ့ (cephalopod) ဆိုတာ ဘာလဲ၊ နို့တိုက်သတ္တဝါ အုပ်စုကြီး ဘယ်နှခု ရှိလဲ အဲဒါ ဘာတွေလဲ စသဖြင့်ပေါ့။
စာရှုသူအနေနဲ့ ဇီဝဗေဒအကြောင်း ဘယ်ခေါင်းစဉ်ကိုမဆို လေ့လာဆွေးနွေးရာမှာ ဒီဆောင်းပါးတွေက အထောက်အကူ တစ်စုံတစ်ရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

imageimage