3 ပတ် - ဘာသာပြန်ပါ။

ဗုဒ္ဓဘုရားရှင်၏ ဖြစ်စဉ်တော်များနှင့်တကွ
သာဝကကြီး၊ သာဝကငယ် အသီးသီးတို့၏
အတ္ထုပ္ပတ္တိများ၊ သက်ဆိုင်သည့် အကြောင်း
ခြင်းရာများကို ညီတော်အာနန္ဒာက တစ်ဆင့်
ပြောပြသော ပုံစံဖြင့် ဤစာအုပ်ကို
ရေးသားထားပါသည်။
ဤသို့ ရေးသားရခြင်းမှာ
ရတနာမြတ်သုံးပါးတို့ကို အနီးကပ် ဖူးမြင်၍
ကြည်ညိုနိုင် ကြရန် ဖြစ်ပါသည်။ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းဟု ဘောင်ခတ်ထားသည့်အတိုင်း ဤစာအုပ် တွင် ညီတော်အာနန္ဒာ၏ တစ်သက်တာ အတွေ့အကြုံများ၊ ခံစားချက်များနှင့် ရှုမြင်သုံးသပ်ချက်များကို အဓိကထား၍ တင်ပြပါသည်။
စာရှုသူတို့အား တစ်ခု အသိပေးလိုပါသည်။ ဘုရားရှင်နှင့်တကွ သာဝကများ၏ ဖြစ်စဉ်များကို ဖော်ပြရာတွင် တရားသဘောများလည်း နေရာအနှံ့အပြားမှာ ပါဝင်နေကြပါသည်။ ဘုရားရှင်နှင့်တကွ သာဝကကြီး အသီးသီးတို့ ဟောကြားခဲ့၊ ဆွေးနွေးခဲ့သော တရားသဘောများကို အကွက်ဆိုက်လျှင် ဆိုက်သလို ထည့်သွင်း၍ ရေးသားခဲ့ပါသည်။ ထို့ကြောင့် တစ်သက်တာ မှတ်တမ်းသည် တစ်နည်းအားဖြင့် ဓမ္မမှတ်တမ်းလည်း ဖြစ်နေ သည်ကို တွေ့ကြရပါလိမ့်မည်။
စာရေးသူဘက်က တင်ပြရသော် ဤသို့ဖြစ်ရခြင်းမှာ သဘာဝကျသည်ဟု ဆိုရပါမည်။ ဤကမ္ဘာ မြေပြင်၌ ဘုရားတစ်ဆူ ပွင့်တော်မူခြင်း ဟူသည်မှာ တရားသဘောများကို ဆရာမကူ သယမ္ဘူဉာဏ်တော်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းပင် ဖြစ်ပါသည်။ ထို့နောက် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာတော် ပြုတော်မူခဲ့ခြင်း မှာလည်း မိမိကိုယ်တိုင် သိမြင်ထားသော တရားသဘောတို့ကို ဆင့်ကူး၊ ဆင့်ကမ်း ဉာဏ်လက်လှမ်း၍ ပေးတော်မူခြင်းသာ ဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပ စသော သာဝကကြီးများသည် လှမ်းလင့်သော ထိုလက်တော်ကို မိမိရရ ကိုင်ဆွဲကာ ဘုရားရှင်နှင့် အတူတကွ ခေမာသောင် တစ်ဖက်ကမ်းသို့ တက်လှမ်းတော်မူခဲ့ကြပါသည်။
ဤသို့အားဖြင့် ဗုဒ္ဓသည် ဓမ္မနှင့် ဆက်စပ်နေပါသည်။ ထို့အတူပင် သံဃာသည်လည်း ဓမ္မနှင့် မကင်းကွာပါ။ ဓမ္မနှင့် မကင်းကွာသော သံဃာသည် ဗုဒ္ဓနှင့်လည်း အကြောင်းဆက်လျက်သာ ရှိပါသည်။ အမှန်အားဖြင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတို့သည် အတူတကွ တွဲဖက် သီကုံးထားသည့် ရတနာပုလဲလုံးများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၊ သံဃာတို့၏ ဖြစ်ရပ် ဇာတ်လမ်းများနှင့်အတူ တရားသဘောများ ပါဝင်နေခြင်း ဖြစ်ပါသည်။
ဤသို့သော သဘောကို အခြေပြုကာ သံဃာတို့၏ ဖြစ်စဉ်များကိုလည်း ဗုဒ္ဓဖြစ်စဉ်တော်ထဲမှာ ဆိုင်ရာ၊ ဆိုင်ရာက သွတ်သွင်း၍၊ ဆက်စပ်၍ ရေးသားလိုက်ပါသည်။ ဗုဒ္ဓဖြစ်စဉ်တော် တည်းဟူသော ကျောရိုး နှင့် လိုက်လျောညီထွေ ဖြစ်စေရန် သံဃာ့ဖြစ်စဉ်များကို ရှေ့ပိုင်း၊ နောက်ပိုင်း ခွဲခြား၍ နေရာချထားပေးပါသည်။ သို့ရာတွင် အချို့ဖြစ်စဉ်များကို တစ်ခန်းတည်းနှင့် အပြည့်အစုံ ရေးသားရန် လိုအပ်သဖြင့်
အချိန်ကာလ ခုန်ကျော်မှုများ ရှိလာရပါသည်။
ဤမှတ်တမ်းကြီး၌ အခန်းပေါင်းများစွာ
ဖွဲ့စည်းရာတွင် အချို့အခန်းများမှာ ပုဂ္ဂိုလ်တစ်ပါးချင်း၏ ဖြစ်စဉ်ကို အဓိကထားကာ ထိုဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို
ဌာပနာသွင်း၍ ထားပါသည်။
အချို့အခန်းများမှာမူ အကြောင်းအရာကို
အဓိကထား၍ ထိုအကြောင်းအရာများထဲမှာယအကျုံးဝင်လာသော ပုဂ္ဂိုလ်များနှင့် ဖြစ်စဉ်များကို
တစ်ပေါင်းတည်း စုစည်း၍ တင်ပြထားပါသည်။

image