3 ပတ် - ဘာသာပြန်ပါ။

ပုံမှန်ပါပဲ ။
ခင်ဖုန်းသက်ဝေ
ဗျစ်တောက်ဗျစ်တောက် ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန် စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျှော့ခိုင်းတာတို့။
ဘယ်အချိန်ထဲက ဒီလို စအောင့်တာလဲဆိုတော့
" လျှို့ဝှက်သော နှင်း " ရုပ်ရှင်
ရုံတင်တဲ့ နေ့ကပေါ့လို့
ကျွန်တော် ပြန်ဖြေလိုက်တယ်။
သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ်တွေ သက္ကရာဇ်တွေ
ဒါတွေကိုပဲ အထပ်ထပ်မေးနေတယ်။
ပြီးတော့
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျွန်တော့်ကို သူတို့ကြည့်ကြတယ်။
အားလုံးကို ရွပ်ရွပ်ချွံချွံ အရှုံးပေးလိုက်ပါတယ်။
မနေ့ကကို ဒီနေ့လို့ စိတ်မှာ ထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။
ခွင့်လွှတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့ မြစ်
ကျွန်တော် အပြစ်ရှိတာ ကျွန်တော်သိပါတယ်။
ကျွန်တော် မှားခဲ့ပါတယ်။
ဒါက
ဧပရယ်ထောင့်က သစ်တစ်ပင်ဖြစ်ပါတယ်။
တောင်းပန်ပါတယ်။
ဒါက ကျွန်တော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတစ်ပွင့် ဖြစ်ပါတယ်။
ခင်ဖုန်းသက်ဝေ လှောင်ရယ်နေမှာလည်း
ကျွန်တော် သိပါတယ်။
ကြည့်နေတဲ့ လူတွေ နှမြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာလည်း
ကျွန်တော် သိပါတယ်။
အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ်များလှတယ်။
နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။
အလွန်အကျွံ စွန့်စားရတဲ့ အရပ်မှာ
သူလို ငါလို
ကျွန်တော် အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။
ဒီတစ်ညလည်း အရင်ညက ဆုတောင်းလို
တစ်ခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။
နှုတ်ဆက်ဖို့ပါ ။ ။
• သန်းတင့် •

image