3 w - Translate

ထရမ့်နဲ့ အီလွန်မတ်စ်ပြဿနာတက်ပြီး Tesla ၁၅၂ ဘီလျံ ဆုံးရှုံး

တစ်ခါက ဘော်ဒါကြီးတွေရဲ့ ရန်စောင်မှုအကြားမှာ Tesla အစုရှယ်ယာတန်ဖိုး ၁၄% ထိုးကျသွားပါတယ်။

အီလွန်မတ်စ်နဲ့ သမ္မတဒေါ်နယ်ထရမ့်တို့ရဲ့ အကွဲအပြဲက အမြင့်ဆုံးအရှိန်ကို တက်လာနေပြီး ထရမ့်ကလည်း အီလွန်မတ်စ်ကုမ္ပဏီတွေဆီ ပေးထားတဲ့ အစိုးရကန်ထရိုက်တွေ ပြန်ရုပ်သိမ်းမယ်လို့ ခြိမ်းခြောက်ပါတယ်။ အီလွန်မတ်စ်ကလည်း ဂျက်ဖရီ အက်ပ်စတိန်းအမှုတွဲမှာ ထရမ့်နာမည်ပါတယ်ဆိုပြီး စွပ်စွဲပါတယ်။

နှစ်ဖက်အပြန်အလှန်တင်းမာနေချိန် Tesla ကားကုမ္ပဏီဟာ တစ်ရက်တည်းနဲ့ အဆိုးဆုံး ဈေးကွက်တန်ဖိုးကျဆင်းမှုနဲ့ ကြုံခဲ့တာပါ။ ကြာသာပတေးနေ့က ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးဆုံးရှုံးမှုက ဒေါ်လာ ၁၅၂ ဘီလျံ ရှိပါတယ်။ ထရမ့်ကလည်း ဘဲဥပုံရုံးခန်းထဲမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် "အီလွန်မတ်စ်ကို အလွန်စိတ်ပျက်ကြောင်း" ပြောသွားပါတယ်။

"အီလွန်နဲ့ ကျွန်တော်တို့က အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိခဲ့တာပါ။ ရှေ့လျှောက် အဲ့ဒီဆက်ဆံရေးရှိပါတော့မလား မသိဘူး" လို့လည်း ပြောပါတယ်။

အီလွန်မတ်စ်ကလည်း "သူမပါရင် ထရမ့် ရွေးကောက်ပွဲရှုံးနိုင်တယ်" လို့ ပြန်ရေးပါတယ်။ မနှစ်က ရွေးကောက်ပွဲအတွက် အီလွန်မတ်စ်က ထရမ့်နဲ့ တခြားရီပတ်ဘလစ်ကန်တွေအတွက် ဒေါ်လာသန်း ၃၀၀ နီးပါး ထောက်ပံ့ခဲ့တာပါ။ "ကျေးဇူးကန်းချက်" လို့လည်း အီလွန်မတ်စ်က ပေါက်ကွဲပါတယ်။

ထရမ့်အောင်နိုင်ရေးအတွက် ငွေကြေးထောက်ပံ့တာအပြင် ကိုယ်တိုင်လိုက်ပြီး မဲဆွယ်စည်းရုံးပေးခဲ့တဲ့ အီလွန်မတ်စ်ဟာ အစိုးရအသုံးစရိတ်ဖြတ်တောက်ဖို့ DOGE လို့ခေါ်တဲ့ ဌာနပါ ဝင်ကိုင်ပြီး လူကြမ်းကြီး လုပ်ခဲ့တာပါ။ လူမုန်းခံခဲ့ရသလို နိုင်ငံရေးဝင်ပါမှုကြောင့် သူ့ကုမ္ပဏီပုံရိပ်နဲ့ လုပ်ငန်းတွေပါ ထိခိုက်ခဲ့ပါတယ်။

ဒီထဲမှာ Tesla က အထိခိုက်ဆုံးလို့ ပြောရမှာပါ။ ဥရောပမှာ Tesla လျှပ်စစ်ကားရောင်းအားက တောက်လျှောက်ကျဆင်းနေပါတယ်။ မေလက ဂျာမနီမှာ Tesla ကားတွေ ရောင်းအား ၃၆% ကျခဲ့သလို ယူကေမှာလည်း အရင်နှစ်ကထက် ၄၅% အထိ ရောင်းအားကျခဲ့ပါတယ်။

လက်ရှိ ဥရောပ EV ကားဈေးကွက်မှာ တရုတ် brand တွေ ဖြစ်တဲ့ BYD နဲ့ XPeng XPEV တို့က အလျင်အမြန်နေရာရနေပါတယ်။ BYD ဆို Tesla ကို ကျော်ပြီး ဥရောပရဲ့ အရောင်းရဆုံး EV brand နေရာမှာ ရှိနေပါတယ်။

image