#နိုင်ငံတကာသတင်း
◼လော့စ်အိန်ဂျလိစ်မြို့တွင်အမေရိကန်လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့
အမေရိကန် အနောက်ပိုင်း လော့စ်အိန်ဂျလိစ်မြို့တွင် စာရွက်စာတမ်းမရှိဘဲ တရားမဝင်နေထိုင်သူများအား အာဏာပိုင်များက ကြီးမားသောအတိုင်းအတာဖြင့် နှိမ်နင်းမှုများစတင်လိုက်ပြီးနောက် ယင်းမြို့တွင် လူဝင်မှုကြီးကြပ်‌ရေး အာဏာပိုင်များနှင့် ဆန္ဒပြသူများကြားတွင် သောကြာနေ့ကတည်းက ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အမေရိကန်လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန် စည်းကြပ်မှုဌာန( ICE ) အရာရှိများသည် ယမန်နေ့တွင် ယင်းမြို့ နေရာအများအပြားကို စီးနင်းပြီး ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း နှင့် ရွှေ့ပြောင်းအခြေချသူ အမြောက်အမြားစုဝေးနေသည့် အဝတ်အထည် ဂိုဒေါင်တစ်ခုကိုလည်း စီးနင်းခဲ့ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
ဆန္ဒပြသူများက အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြပြီးနောက် အခြေအနေက တင်းမာလာခဲ့ပြီး အရာရှိများကလည်း မျက်ရည်ယိုဗုံးများ နှင့် အဓိကရုဏ်းထိန်းချုပ်ရေး ပစ္စည်းများဖြင့် ပြန်လည်ပစ်ခတ်ပြီး လူအုပ်ကြီးအား ထိန်းချုပ်ရန် နှိမ်နင်းရန်လုပ်ဆောင်ခဲ့သည်။
ယမန်နေ့တွင်လည်း လော့စ်အိန်ဂျလိစ်မြို့ အခြားနေရာများတွင်လည်း ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် တွင် အမေရိကန်၏ ဒုတိယအကြီးဆုံး လော့စ်အိန်ဂျလိစ်မြို့၌ လုပ်ဆောင်ခဲ့သော နှိမ်နင်းမှုများအတွင်း နိုင်ငံခြားသား ၁၁၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ၊ ၎င်းတို့ထဲတွင် ဂိုဏ်းအဖွဲ့ဝင်များ ၊ မူယစ်ဆေးဝါးကုန်ကူးမှုရာဇဝင်နှင့် လူများ ပါဝင်ကြောင်း အမိမြေလုံခြုံရေးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးက X လူမှုကွန်ရက်တွင် ပြောကြားသည်။
လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရင် ဘတ်စ်က စီးနင်းမှုများအား ရှုတ်ချခဲ့သည်။
“ကျွန်မတို့ရဲ့ မြို့အတွက် အဘက်ဘက်က ပါဝင်ဖြည့်ဆည်းမှုတွေ လုပ်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူရဲ့ ဂုဏ်ယူစရာမြို့ မြို့တော်ဝန် အနေနဲ့ အခုလိုဖြစ်ခဲ့တာတွေကို ကျွန်မတော်တော်လေး ဒေါသထွက်မိပါတယ်။” ဟု မစ္စက်ဘတ်စ်က ပြောသည်။
ICE ၏ နည်းလမ်းများကြောင့် မိမိတို့ လူမှုအသိုင်းအဝိုင်းများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်‌ရေးမှူးနှင့် မြို့တော်ဝန် ကာရင်ဘတ်စ်တို့က သူတို့အလုပ် သူတို့ မလုပ်နိုင်ရင် ဖက်ဒရယ်အစိုးရက ဝင်ပြီး ပြဿနာကို ဖြေရှင်းရမှာပဲ၊ အဓိကရုဏ်းတွေနဲ့ လုယက်သူတွေကို ကိုင်တွယ်သင့်တဲ့ နည်းနဲ့ ကိုင်တွယ်ရမှာပဲ။” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က လူမှုမီဒီယာတွင် တုံ့ပြန်ခဲ့ ပြောကြားသည်။
ကြပ်မတ်မှုမရှိ၍ ဖြစ်ပေါ်လာသော ဥပဒေမဲ့မှုကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ ကို လော့စ်အိန်ဂျလစ်သို့ စေလွှတ်ရေးအမိန့်ကို သမ္မတက လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူ တော်ပြန်ကြားရေးမှူး ကယ်ရိုလင်းလီဗစ် က ထုတ်ပြန်ပြောကြားသည်။
တစ်နေ့လျှင် လူပေါင်း ၃၀၀၀ ဖမ်းဆီး ထိန်းသိမ်းရန် ထရန့်အစိုးရ အရာရှိများက ပစ်မှတ်ထားနေကြောင်း အမေရိကန်သတင်းဌာန Axios က ပြီးခဲ့သည့်လအတွင်း သတင်းပေးပို့ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Agencies

imageimage
+5