#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ထရီလီယံကျော်ရှိလာနိုင်
သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်မှု နယ်ပယ်ရင်းနှီးမြှုပ်နှံမှု မြင့် တက်လာနိုင်ခြင်းကြောင့် ၂ဝ၂၅ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ထရီလီယံအထိရှိလာနိုင်ကြောင်း နိုင်ငံတကာစွမ်းအင် အေဂျင်စီ (အိုင်အီးအေ)က ဇွန် ၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
၂ဝ၂၅ ခုနှစ်အတွင်း စီးပွားရေးအရ မရေရာမှုများနှင့်ပထဝီနိုင်ငံရေး တင်းမာမှုများရှိနေလင့်ကစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်အပါအဝင် သန့်ရှင်းသောစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံအထိ ရှိလာနိုင်ကြောင်း အိုင်အီးအေအစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ အများဆုံးရင်းနှီးမြှုပ်နှံလာနိုင်သည့် သန့်ရှင်းသောစွမ်းအင်နယ်ပယ်မှာ နေစွမ်းအင်ထုတ်လုပ်ရေးနယ်ပယ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅ဝ အထိရှိလာနိုင်ကြောင်းသိရသည်။
အလားတူ ၂ဝ၂၅ ခုနှစ် အတွင်းဓာတ်အားသိုလှောင်မှု နည်းပညာနယ်ပယ် ရင်းနှီးမြှုပ်နှံမှုမှာလည်း အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံ အထိရှိလာနိုင်ကြောင်း အိုင်အီးအေက ခန့်မှန်းထားသည်။
သို့ရာတွင်ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကဏ္ဍ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကျဆင်းသွားနိုင်ပြီး ရေနံထုတ်လုပ်မှုကဏ္ဍတွင် ၆ ရာခိုင်နှုန်းအထိရင်းနှီးမြှုပ်နှံမှုကျဆင်းသွားနိုင်ကြောင်း သိရသည်။
ရိုက်တာ
