အမေရိကန် ပြည်ဝင်ခွင့်ပိတ်လိုက်လို့ DV မျှော်သူတွေနဲ့ တတိယနိုင်ငံကူးမယ့် မြန်မာနိုင်ငံသားတွေ အခက်တွေ့
ဇွန် ၆ - ၂ဝ၂၅
KKO(VOM)
အမေရိကန်က မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်လို့ အမေရိကသွားဖို့ ပြင်ဆင်ပြီး DV မျှော်နေသူတွေနဲ့ တတိယနိုင်ငံကူးမယ့်သူတွေ အခက်တွေ့နေရတယ်လို့သိရပါတယ်။
ယခု သမ္မတဒေါ်နယ်ထရန့်က မြန်မာ အပါအဝင် နိုင်ငံအများအပြားကို အမေရိကန်ပြည်ဝင်ခွင့်ပိတ်လိုက်တာဖြစ်ပြီး ဒီလိုပိတ်ရတာဟာ အမေရိကန်ကို အန္တရာယ်ရှိတဲ့ ပြည်ပနိုင်ငံသားတွေရန်က ကာကွယ်ဖို့ နိုင်ငံအများအပြားကနိုင်ငံ သားတွေ လာရောက်ခွင့်ကို ပိတ်ပင်တားမြစ်လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလိုပြည်ဝင်ခွင့်အပိတ်ခံရတဲ့အထဲမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံသားတွေ လာရောက်မှုကို အပြည့်အ၀ကန့်သတ်ထားတာလည်းဖြစ်ပါတယ်။ဒီအမိန့်ဟာ ဇွန် ၉ ရက် အရှေ့ပိုင်း စံတော်ချိန် နံနက် ၁၂ နာရီ ၁ မိနစ်မှာ စတင်သက်ဝင်မယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
"အဓိက အချက် ၂ ချက် ကြောင့် မြန်မာကို ပိတ်တာပါ။ပထမအချက်က အမေရိကားကို လာမယ့် မြန်မာ နိုင်ငံသားရဲ့အချက်အလက် ပြစ်မှုမှတ်တမ်းဘာညာ နောက်ကြောင်းရာဇဝင်ကို အမေရိကန်သက်ဆိုင်ရာက သိချင်ရင် မြန်မာအစိုးရက အဲ့ဒီ နိုင်ငံသားနဲ့ ပက်သက်တဲ့ အချက် အလက်တွေ သေချာမှတ်တမ်းတင်ထားတာမရှိဘူး။အဲ့ဒီတော့ အမေရိက က သူ့နိုင်ငံဆီလာမယ့်သူက လူကောင်းလား၊ လူဆိုးလား သေချာ စိစစ်လို့ မရဖြစ်နေတာ ဒုတိယတစ်ချက်က မြန်မာပြည်က လာတဲ့ မြန်မာတွေ တော်တော်များများက လာပြီးရင် မြန်မာပြည် မပြန်တော့ဘဲ အမေရိကားမှာပဲ ဆက်နေကြလို့ ဖြစ်ပါတယ်"လို့ မြန်မာ နိုင်ငံသားတယောက်က မှတ်ချက်ပြု ပြောပြပါတယ်။
လက်ရှိမှာတော့ အခုလို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာဟာ အမေရိကန်နိုင်ငံကို သွားလိုတဲ့ ကူးလိုတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ယဂက်တွေလည်းထစေခဲ့ပါတယ်။
"ဒါကထရန့်ကိုပဲ အပြစ်တင်လို့မရဘူး။US ရောက်သွားတဲ့ မြန်မာတွေက နေချင်သလောက်နေတယ်၊ လုပ်ချင်တာလုပ်တယ်၊ အဲအကျိုးဆက်တွေကြောင့် ဒီလို ဖြစ်လာတာ။ရောက်သွားတဲ့သူတွေအကုန်လုံးက ဥပဒေဘောင်အောက်က နေမယ်၊ အချိန်တန် ပြန်မယ်လုပ်ရင် ဒီလို ဖြစ်စရာ အကြောင်းမရှိဘူး။ တဘက်ကလည်း မြန်မာနိုင်ငံကို ဘယ်သူ ပြန်လာချင်ပါ့မလဲ၊ ဒါပေမဲ့ ရှေ့က လူတွေကြောင့် အခုတော့ တကယ်လိုအပ်လို့ သွားရမယ့်သူတွေအတွက်တောင် မရတော့ဘူး"လို့ ပြည်ပရောက် မြန်မာနိုင်ငံသားတယောက်က VOM ကို ဆက်ပြီး ပြောပြပါတယ်။
ဒါအပြင် ပြည်တွင်းရေးရာကိစ္စရပ်တွေနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေကိုလေ့လာသုံးသပ်သူတယောက်ကလည်း သူရဲ့အမြင်ကို အခုလိုပြောပြခဲ့ပါတယ်။
"အမေရိကန်နိုင်ငံထဲကို လူခိုးသွင်းတဲ့ဂိုဏ်းတွေကမြန်မာပြည်မှာရှိသလို ယိုးဒယား၊ဘန်ကောက်နဲ့ မလေးရှားနိုင်ငံတွေမှာလည်းရှိပါတယ်။ဥပမာအားဖြင့်ပြောရရင် ချင်းလူမျိုးတွေ အမေရိကန်ကိုဘယ်လို၊ဘယ်လမ်းကြောင်းနဲ့ရောက်သွားကြသလဲ။မလေးရှားကနေတဆင့်သွားကြတာပါ။အဲဒါတွေ ကိုမစ္စတာထရန့်ကလည်းသမ္မတ မဖြစ်ခင်ကတည်းကအာရှတိုက်ကနေပြီး အမေရိကန်ကိုပို့နေတဲ့လူမှောင်ခိုဂိုဏ်းအကြောင်းကိုကြိုသိနေပါတယ်လို့ Website တခုမှာဖတ်ဘူးပါတယ်။နှစ်အတိုင်းအတာ တခုထိတော့ပိတ်ထားမှာပါ"လို့ သူက သုံးသပ် ပြောပြခဲ့ပါတယ်။
အခြားသော အမေရိကန်နိုင်ငံကို သွားလိုသူတွေအနေနဲ့ ကန်ပြည်ထောင်စုက အခုလိုပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ဥရောပနိုင်ငံတွေဘက်ကိုဝင်ရောက်သွားနိုင်တယ်လို့လည်း သုံးသပ်မှုတွေရှိနေပါတယ်။
"နောက်လေးနှစ်စောင့်ရမှာပါပဲ။ထရန့်လက်ထက်မှာ ဒါကဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ နောက်သမ္မတတယောက်စောင့်မှပဲရမယ်။ဒါကဘယ်လိုမှမျှော်လို့မရတော့ဘူး။အရင်ကဆို ဒီတခေါက် DV မပေါက်ရင်တောင် နောက်နှစ် DV ပေါက်မလားဆိုပြီးမျှော်လို့ရသေးတယ်။အခုကလုံးလုံးကိုမျှော်လို့မရတဲ့ အခြေအနေဖြစ်သွားတာပေါ့"လို့ အမေရိကန်နိုင်ငံကိုသွားဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

image