ကုန်းတွင်းလုပ်ကွက် (မြန်အောင်) တွင် ရေနံထုတ်လုပ်ရန် နိုင်ငံသားပိုင်ကုမ္ပဏီတစ်ခု လုပ်ကိုင်ခွင့်ရ
ရန်ကုန်၊ ဇွန် ၅
မြန်အောင်ဒေသက ကုန်းတွင်းလုပ်ကွက် IOR-6 ဧရိယာ-၂ မှာ ရေနံတူးဖော်ထုတ်လုပ်ဖို့ နိုင်ငံသားပိုင် Myanmar Kinsanar Co., Ltd. ကို လုပ်ကိုင်ခွင့်ရရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
စွမ်းအင်ဝန်ကြီးဌာနမှ ဦးစီးလုပ်ကိုင်နေတဲ့ ကုန်းတွင်းလုပ်ကွက်တွေထဲက ၁၀ ကွက်မှာ ခေတ်မီနည်းပညာတွေ အသုံးပြုပြီး ဆောင်ရွက်ခွင့်ရရှိဖို့ အစိုးရထံ တင်ပြခဲ့ပြီးနောက် အခုလို IOR-6 မှာ လုပ်ခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
ကုန်းတွင်းလုပ်ကွက် IOR-6 မှာ တိုးတက်ထွက်လာရှိတဲ့ ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့ စာချုပ်ကို ဇွန်လ ၄ ရက်နေ့မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ Myanmar Kinsanar တို့အကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို နိုင်ငံသားပိုင်ရေနံကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးနိုင်ခဲ့တာကြောင့် ရေနံတူးဖော်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အားကောင်းလာပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်တယ်လို့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
နိုင်ငံသားပိုင်ကုမ္ပဏီလုပ်ကိုင်ခွင့်ရ မြန်အောင်ရေနံမြေဟာ ပြည်အနည်ကျချိုင့်ဝှမ်းမှာ ပါဝင်ပြီး ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ စပ်ကြားနေရာမှာ တည်ရှိကာ အစဉ်အလာကောင်းခဲ့တဲ့ ရေနံမြေတစ်ခု ဖြစ်ပါတယ်။
IOR-6 ကနေ ရေနံစိမ်းတွေ တိုးတက်ရရှိဖို့ မျှော်မှန်းပြီး စက်သုံးဆီတွေ ချက်လုပ်ရာမှာ အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။



