#နိုင်ငံတကာသတင်း
◼တောင်တရုတ်ပင်လယ်တွင် ပြဿနာဖြစ်အောင်လှုံ့ဆော်ခြင်းရပ်တန့်ရန် အီးယူကို တရုတ်တိုက်တွန်း
တောင်တရုတ်ပင်လယ်တွင် ပြဿနာဖြစ်အောင်လှုံ့ဆော်ခြင်းအား ရပ်တန့်ရန် ဖိလစ်ပိုင်နိုင်ငံမှ တရုတ်သံရုံးက ဥ‌ရောပသမဂ္ဂအား ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး ယင်းရေလမ်းကြောင်းမှ ပြဿနာများကို ဖြေရှင်းရေး ပြင်ပအင်အားစုများအားအားကိုးရေးကို စိတ်ကူးမယဉ်ရန် မနီလာကိုလည်း အကြံပေးလိုက်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ မစ္စက်ကာဂျာကယ်လက်စ် က မနီလာမြို့သို့ လာရောက်ပြီး အသွားအလာများသောရေလမ်းကြောင်းမှ တရုတ်၏လှုပ်ရှားမှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီးနောက် မနီလာမြို့ တရုတ်သံရုံးမှ ပြောခွင့်ရသူက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်မှတရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာ ၊ ရေကြောင်းအခွင့်အ‌ရေးများ နှင့် အကျိုးစီးပွားများအား အမှန်တကယ် လေးစားရန် နှင့် ပြဿနာဖြစ်အောင်လှုံ့ဆော်ခြင်းအား ရပ်တန့်ရန် ၎င်းတို့က အီးယူအား တိုက်တွန်းပါကြောင်း ပြောခွင့်ရသူက သံရုံးဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တွင် ပြောကြားပြီး ဥရောပသမဂ္ဂက ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်းလည်း မှတ်ချက်ပြုထားသည်။
ထို့ပြင် တောင်တရုတ်ပင်လယ်မှ အငြင်းပွားမှုများအားဖြေရှင်းရန် ပြင်ပအင်အားစုများအား အားကိုးရန် စိတ်ကူးယဉ်နေမည့်အစား မနီလာအနေဖြင့် တရုတ်နှင့် သဘောထားကွဲပြားမှုများကို စီမံခန့်ခွဲ‌ရေးအတွက် တိုင်ပင်ဆွေးနွေးမှုများပြန်လည် လုပ်ဆောင်သင့်ကြောင်း သံရုံးပြောခွင့်ရသူက ဆက်လက်ပြောကြားသည်။
ပေကျင်းမြို့မှ ဖိလစ်ပိုင်သံရုံးက မှတ်ချက်ပေးရန် အီးမေးလ်ဖြင့် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
တောင်တရုတ်ပင်လယ်တွင် တရားဝင် ရေကြောင်းလုပ်ငန်းများ လုပ်ဆောင်နေသော ဖိလစ်ပိုင်ရေယာဉ်များနှင့် လေယာဉ်များအပေါ် တရုတ်တို့၏ တရားမဝင် အကျပ်ကိုင်သော ရန်လိုသော လှည့်စားသော လုပ်ရပ်များအပေါ် အီးယူနှင့် ဖိလစ်ပိုင်တို့က စိုးရိမ်ပူပန်ကြောင်း ယခုသီတင်းပတ်စောစောပိုင်းတွင် အီးယူနိုင်ငံခြား‌ရေး အကြီးအကဲ က ဖိလစ်ပိုင်နိုင်ငံခြား‌‌ရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးအား ပိုင်ဆိုင်ကြောင်း ပြောကြားနေပြီး ၎င်းတို့ထဲတွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ သီးသန်းစီးပွားရေးဇုန်နယ်မြေများလည်း ပါဝင်နေသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image