#ပြည်တွင်းသတင်း
◼ငလျင်ဒဏ်သင့်ပြည်သူများအတွက် EU မှယူရိုငါးသန်းထပ်မံထောက်ပံ့
ငလျင်ဒဏ်သင့်ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအတွက် EU မှယူရိုငါးသန်း ထပ်မံထောက်ပံ့ပေးခဲ့ ကြောင်း ကုလသမဂ္ဂကယမန်နေ့ (ဇွန် ၄ ရက်)တွင် အသိပေးထုတ်ပြန်သည်။
အဆိုပါယူရိုငါးသန်းအား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှတစ်ဆင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းရန်ပုံငွေဖြင့် ငလျင်ဘေးဒဏ်အဆိုးရွားဆုံးခံစားခဲ့ရသူများအတွက် စားနပ်ရိက္ခာအကူအညီ (သို့မဟုတ်) စားနပ်ရိက္ခာဝယ်ယူရန်ငွေသားအကူအညီများပေးအပ်သွားမည့်အပြင် ကလေးများနှင့် မိခင်များအတွက် အထူးအာဟာရအထောက်အပံ့များကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်သင့်မြို့နယ်များ၌ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့နေရသည့်လူဦးရေပေါင်း ၂ ဒသမ ၈ သန်းနီးပါးရှိပြီး WFP သည် အဆိုပါအထောက်ပံ့များကို အကူအညီလိုအပ်နေသူများထံတိုက်ရိုက် ပေးအပ်သွားမည်ဖြစ်ပြီး ဒေသခံမိတ်ဖက်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း NGO များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"စိတ်မကောင်းစရာဖြစ်ရပ်တွေကြုံတွေ့နေရချိန်မှာ မြန်မာနိုင်ငံအတွက် EU ရဲ့ ကတိကဝတ်တွေ ဟာ ခိုင်ခိုင်မာမာရှိနေဆဲဖြစ်ပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်လိုမျိုး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး ကျွန်တော်တို့အနေနဲ့ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးအပ်နေပါ တယ်။ အကူအညီတွေကိုဆက်လက်ပြီး ပေးအပ်သွားဦးမှာပါလို့လည်းပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံရှိဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်များကို ကြီးကြပ်သူ Mr. Luc Verna က ပြောကြားသည်။
မြန်မာနိုင်ငံရှိလူဦးရေသန်း၂၀ သည် ငလျင်မလှုပ်ခတ်မီကတည်းက လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်နေသည့်အခြေအနေဖြစ်ပြီး နိုင်ငံတစ်ဝှမ်းပဋိပက္ခကြောင့် ထိခိုက်ခံစားရသူ သန်းပေါင်းများစွာ၏ ကြီးမားသောလိုအပ်ချက်များကိုလည်း ကူညီဖြည့်ဆည်းပေးကြပါရန် နိုင်ငံတကာအသိုင်းအဝိုင်းကို EU နှင့် WFP တို့က တိုက်တွန်းထားသည်။
ယခုနှစ်တွင် WFP ၏ မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းများအတွက် EU ၏ အကူအညီသည် စုစုပေါင်း ယူရို ၈ ဒသမ ၉ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်း) အထိရှိလာခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက် အရသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-WFP
