"စိတ်ချမ်းသာမှုဆိုတာ လက်လွှတ်တတ်ခြင်းပါပဲ"
◾️ဘဝမှာ အရာရာကို ဆုပ်ကိုင်ထားချင်တဲ့ သဘောက လူ့သဘာဝပါပဲ။ ချစ်သူကို ဆုပ်ကိုင်ထားချင်တယ်။ ပိုက်ဆံကို ဆုပ်ကိုင်ထားချင်တယ်။ ဂုဏ်ရာထူးကို ဆုပ်ကိုင်ထားချင်တယ်။ ရရှိထားတဲ့ အဆင့်အတန်းတွေကို ဆုပ်ကိုင်ထားချင်တယ်။
ဒါပေမယ့် တကယ်တမ်း ဆုပ်ကိုင်ထားလို့ ရတဲ့အရာတွေက အရမ်းနည်းပါတယ်။ ဆုပ်ကိုင်ထားလို့ မရတဲ့အရာတွေကပဲ အမြောက်အများပေါ့။
◾️ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပဲ ချစ်နေစေချင်တယ်၊ ကိုယ်နဲ့ပဲ ရှိနေစေလို့ ဆုပ်ကိုင်ထားချင်တာ လူ့သဘာဝ။ ဒါပေမယ့် သူ့ရဲ့စိတ်ကို ဆုပ်ကိုင်ထားလို့ ရလား။ သူ့ရဲ့ခံစားမှုကို ဆုပ်ကိုင်ထားလို့ ရလား..။ မရဘူး။ သူ့စိတ်ကို သူကပဲ ပိုင်တယ်။ ဒါကြောင့် တစ်နေ့မှာ သူ့စိတ် ပြောင်းသွားရင် လက်လွှတ်လိုက်ရတယ်။
ပိုက်ဆံ အများကြီးရှိတယ်ဆိုရင် ဒီနေ့တော့ ပြည့်စုံနေတယ်။ မနက်ဖြန် ဘာဖြစ်လဲ မသိဘူး။ အခြေအနေ ရုတ်တရက် ပြောင်းပြန်လှန်သွားတာ ဖြစ်နိုင်တယ်။ ကိုဗစ် ဆိုတာလည်း ဥပမာတစ်ခုပဲ။ တချို့လူတွေ စီးပွားရေး ပျက်သွားတာရှိတယ်။ ဒါကြောင့် လောလောဆယ် ရှိတဲ့ ဥစ္စာ ပစ္စည်းတွေကို မဆုပ်ကိုင်ထားဘဲ.. ရှိလာရင် ရှိလာတယ်၊ ပြန်လည်း ပျောက်ကွယ်သွားနိုင်တယ်လို့ သဘောထားထားဖို့ လိုတယ်။
◾️ဂုဏ်ယူဖွယ်ရာ အလုပ်ရာထူးတွေလည်း အတူတူပဲ။ ဒီနေ့တော့ လူတွေ ကိုယ့်ကို လေးစားကြတယ်။ ကိုယ့်စကားကို နားထောင်ကြတယ်။ ကိုယ့်ဆုံးဖြတ်ချက်ချတာကို လက်ခံကြတယ်။ ဒါပေမယ့် မနက်ဖြန် ရာထူး ပြောင်းလဲသွားရင်ရော။ ကိုယ့်ထက် ပိုတတ်တဲ့သူ ပေါ်လာရင်ရော။
တကယ်လို့ ရာထူးကို ငါ့ဟာ၊ ဂုဏ်ကို ငါ့ဟာ၊ လူတွေရဲ့ လေးစားမှုကို ငါ့ဟာလို့ ဆုပ်ကိုင်ထားမိရင် ဒီအရာတွေ ပြောင်းလဲသွားတဲ့အခါ ဘာတွေ ခံစားရမလဲ စဉ်းစားကြည့်။
◾️တကယ်တမ်းပြောရရင် ကိုယ့်ခန္ဓာကိုယ်ကိုတောင် ဆုပ်ကိုင်ထားလို့ မရဘူးနော်။ ကိုယ်က နေ့တိုင်း ကျန်းမာရေး ဂရုစိုက်တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ဒါပေမယ့် အိုမင်းရင် အိုမင်းမှာပဲ။ နေမကောင်းရင် နေမကောင်းမှာပဲ။ ဒါကလည်း သဘာဝ။ တားဆီးလို့မရဘူး။
ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်ကိုတောင် "ငါပိုင်" လို့ ဆုပ်ကိုင်မထားပါနဲ့။ ကျန်းမာရေး အတတ်နိုင်ဆုံး ဂရုစိုက်ပေး။ ဒါပေမယ့် ရောဂါ ဝေဒနာ လာရောက်လာခဲ့ရင် လက်ခံပြီး ဒီဝေဒနာနဲ့ ဘဝကို ဘယ်လို ရှေ့ဆက်ရှင်သန်သွားမလဲ ဆိုတာကို စဉ်းစားမယ်။
◾️ဘာကြောင့် ဆုပ်ကိုင်ထားလို့ မရတဲ့ အရာတွေကို ဆုပ်ကိုင်ထားချင်တာလဲ။ ဘာကြောင့် လက်လွှတ်ရတဲ့အခါ ဒီလောက် နာကျင်ရတာလဲ။ ဘာကြောင့်လဲဆိုတော့ မျှော်လင့်ရာ တွယ်တာရာတွေ ရရှိထားမှ မနက်ဖြန် ဆက်နေထိုင်ဖို့ ခွန်အားတွေ၊ လုံခြုံစိတ်ချမှုတွေ ရတတ်ကြတာလေ..။ ဒါပေမယ့် လူ့ဘဝဆိုတာ စစ်မှန်တဲ့ လုံခြုံရမှုဆိုတာ တကယ်မရှိပါဘူး။ မရှိတာကို ရှိရမယ်လို့ တောင့်တမိတော့ ပင်ပန်းရတာ။
📌 ဘာလုပ်ရမလဲ ဆိုတော့ လက်လွှတ်တတ်ဖို့ အလေ့အကျင့် လုပ်ဖို့ လိုတယ်။ လက်လွှတ်တာက စိတ်အေးချမ်းမှုရဲ့ မူလအရင်းအမြစ်ပါ။
ပိုက်ဆံအများကြီးရှိရင် ကျေးဇူးတင်လိုက်။ မရှိလည်း ကြိုးစားသင့်တာကြိုးစား၊ တအားသောကမများပါနဲ့။ ကိုယ့်ကို ချစ်ပေမယ့်သူ ရှိရင်လည်း ကံကောင်းတယ်လို့ ပြောရမယ်။ သူ့စိတ်ပြောင်းသွားလည်း အမုန်းတွေ မဖွဲ့ဘဲ ကျေးဇူးတရားနဲ့ နှုတ်ဆက်လိုက်ပါ။
◾️လက်လွှတ်တတ်ဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာအားကစားလို့ ပြောရမယ်။ အမြဲတမ်း လေ့ကျင့်နေဖို့ လိုတယ်။ ခက်ခဲလည်း ခက်ခဲပါတယ်။
ဒါကြောင့် အသေးစားကနေ စမယ်။ မိုးရွာလို့ သွားစရာလေးတွေ အစီအစဉ်ပျက်သွားတယ်။ မျှော်လင့်ထားတဲ့အရာလေးတချို့ မဖြစ်လာဘူး။ ဘာပဲဖြစ်ဖြစ် အိုကေပါတယ်။ ဒါမျိုး ရိုးရိုးလေးတွေကနေ လက်လွှတ်ပြီး လက်ခံတဲ့ စိတ်ကို လေ့ကျင့်ရမယ်။
အခုလို ဆောင်းပါးလေးတွေကို ဉာဏက စာဖတ်သူတွေအတွက် နေ့စဥ်နီးပါးရေးတင်ပေးနေခဲ့တယ်။ တင်လိုက်တဲ့စာလေးတွေမှာ Like ဘယ်လောက်ရမယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်အနေနဲ့ တတ်နိုင်သမျှ ကောင်းအောင် ရေးပေးလိုက်တာပါပဲ။ လူတွေကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘာကိုမှ မခံစားရပါဘူး။ ဒါကိုပဲ လက်လွှတ်ခြင်းလို့ ခေါ်ပါတယ်။
◾️ဗုဒ္ဓမြတ်စွာရဲ့ နောက်ဆုံး စကားလုံးက "ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ"ပါတဲ့။ "အားလုံးဟာ မတည်မြဲ၊ သတိရှိရှိ တရားနဲ့အညီ နေထိုင်ကြိုးစားကြပါ"တဲ့။
ဒီစကားလုံးမှာ ပထမက အရာရာ မတည်မြဲ၊ ပြောင်းလဲနေတယ်။ ဒါကြောင့် ဆုပ်ကိုင်မထားဖို့... ။ ဒုတိယက သတိရှိရှိ တရားနဲ့အညီ ဆက်လုပ်စရာတွေ လုပ်သွားဖို့ပါ။
မတည်မြဲတာတွေကို လက်လွှတ်လိုက်ပြီးမှ မှန်ကန်တဲ့လမ်းကို ဆက်လမ်းလျှောက်နိုင်မယ်။ ပစ္စုပ္ပန်မှာ တည့်တည့်နေပြီး ကြင်နာမှုနဲ့ သတိ၊ ပညာရှိရှိ နေထိုင်ဖို့ပါပဲ။
ဒါဟာ စိတ်ချမ်းသာမှုရဲ့မူလအရင်းအမြစ် ဖြစ်ပါတယ်။
