3 w - Translate

၁။ ကိုယ့်အခြေအနေ ကိုယ် သိပါ (Know yourself)
မာ့ဇူကာဘတ်က တီရှပ်ကလေးပဲ ဝတ်တဲ့အခါမှာ လူတွေက ပြောကြတယ် ။ သိပ်ကို အနေအထိုင် ရိုးရှင်းတယ်ပေါ့ ။ အဲဒီအတိုင်း ဝတ်ပြီး အလုပ် အင်တာဗျူး သွားဖြေကြည့်ပါ ။ အာမခံပါတယ် ။ အလုပ်မရစေရပါဘူး ။
တကယ်တော့ နှိမ့်ချတယ် ဆိုတဲ့စကားက အမြင့် ရောက်နေသူတွေသာ သုံးခွင့် ရှိတာပါ ။ ကိုယ့်အောက် ငုံ့ကြည့်လို့ တစ်ယောက်မှ မရှိဘဲ နှိမ့်ချတယ် ဆိုတဲ့စကား သုံးလို့ မရပါဘူး ။ ပကာသန မမက်ဘူး ဆိုတဲ့ စကား ချမ်းသာမှ ဂုဏ်တွေ ဒြပ်တွေနဲ့ ဖြစ်နေမှ သုံးလို့ ရတာပါ ။ ပိုက်ဆံ မရှိတဲ့သူက ဖုန်းအစုတ်ကလေး ကိုင်ထားလို့ ဘယ်သူကမှ မချီးကျူးပါဘူး ။ အဆင့်အတန်း မခွဲခြားဘူး ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း တစ်စုံတစ်ရာ အဆင့်နဲ့ အတန်းနဲ့ နေနိုင်သူတွေသာ ပြောလို့ လှတာပါ ။
အိုင်ဖုန်းတစ်လုံး ဝယ်ဖို့ မိဘကို ပူဆာလိုက်ရုံပဲ ဆိုတဲ့သူအတွက် ဒီဖုန်းကို လိုချင်တာ ပြဿနာ မရှိပေမဲ့ ဒီငွေ ရဖို့ ခြောက်လလောက် စုရမယ် ။ ဘဝအတွက် အရေးကြီးတဲ့ သင်တန်း တက်စရာ ၊ စာအုပ် ဝယ်စရာတွေကို လျှော့ပစ်ရမယ် ဆိုရင်တော့ ဒါ ပြဿနာ ဖြစ်လာပါပြီ ။ အိုင်ဖုန်းက သုံးတတ်သူ ၊ အသုံး လိုတဲ့သူအတွက် လိုအပ်ပေမဲ့ သာမန်လောက်ပဲ သုံးတတ်တယ် ။ သုံးစရာ ရှိတယ်ဆို အဲဒီထက် အရေးကြီးတာ တစ်ခုကို ဦးစားပေးသင့်ပါတယ် ။
ဘ၀တွေဟာ တစ်ယောက် နဲ့ တစ်ယောက် မတူကြပါဘူး ။ တချို့က ဘဝပေး အခြေအနေအရ အသက် ၃ဝ လောက်မှာ တော်တော် အောင်မြင်နေပြီ ။ တချို့ကတော့ ကြိုးစားနေရတုန်း ။ တာထွက် နောက်ကျတာက ပြဿနာ မဟုတ်ဘူး ။ ပန်းဝင်အောင် ပြေးနိုင်ဖို့ပဲ လိုတာ ။ ဒါကို သဘောမပေါက်ရင် ရှေ့ဆက်ကြိုးစားချင်စိတ်တွေ နည်းလာမယ် ။ ဘဝကို အဆိုးမြင်မိလာမယ် ။
ဘဝ ဆိုတာကို ကျောင်းလို့ တင်စားရင် အဲဒီကျောင်းမှာ အောင်မြင်မှုရဖို့ ကျွန်တော်တို့တွေ စာမေးပွဲ ဖြေကြရပါတယ် ။ ဒါပေမဲ့ အဲဒီ စာမေးပွဲတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူး ။ ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာတွေကိုပဲ ဖြေဆိုကြရတယ် ။ သူများပုစ္ဆာ သွားဖြေချင်လို့ မရဘူး
ဆရာဝန် ဖြစ်သွားတာချင်း တူရင်တောင် မိဘပံ့ပိုးမှု ရှိတဲ့သူက ကျောင်းဆက်တက်ဖို့ နိုင်ငံခြားထွက်ဖို့ လုပ်နေချိန်မှာ ပံ့ပိုးမှု မရှိတဲ့သူ ကိုယ့်ပိုက်ဆံ ကိုယ် ရှာနေရတယ် ။ အလုပ် လုပ်နေရတယ် ။ ဒါကို ငါ သူတို့လို မဖြစ်ရကောင်းလား ဆိုပြီး လောကကြီးကို အပြစ်ထိုင်တင် နေရင်တော့ အချိန်ကုန်သွားတာပဲ အဖတ်တင်မယ် ။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ။ အရှိကို အရှိအတိုင်း လက်ခံ၊ ကိုယ့်ဘဝ ကိုယ် သိ ၊ ကိုယ့်ပုစ္ဆာ ကိုယ် နားလည်အောင် လုပ်ပြီး စာမေးပွဲ အောင်အောင် ကြိုးစားကြရပါတယ် ။
Youth is an opportunity to do something and to become somebody in life.
ဘဝမှာ တစ်စုံတစ်ရာ ဖြစ်လာဖို့အတွက် လူငယ်ဘဝဟာ အချိန်ကောင်းပဲ ။ ကျွန်တော်တို့ လူငယ်တွေမှာ ပြဿနာတွေ အများကြီး ရင်ဆိုင်နေရတယ် ။ အလုပ်အကိုင် ရှားပါးမှု ၊ မူးယစ်ဆေး ၊ ကူးစက်ရောဂါတွေ စသဖြင့်ပေါ့ ။ အဲဒီထဲမှာ အဆိုးဆုံး ပြဿနာကတော့ သူ့ပုစ္ဆာကို ကိုယ့် ပုစ္ဆာအမှတ်နဲ့ ဝင်ဖြေချင်နေတဲ့ ပြဿနာပဲ ။ အဲဒီလို အမှတ်မှားပြီး လိုက်တိုင်းနေတဲ့အခါကျတော့ ကိုယ့်ဘဝကို အားမရတော့ဘူး ။ သူများလို ဖြစ်ချင်လာတယ် ။ အပြစ်တင်ခြင်း ၊ မကျေနပ်ခြင်းတွေနဲ့ ပြည့်နှက်လာတယ် ။ စိတ်ဖိစီးမှုတွေ များလာတယ် ။ နောက်ဆုံး ဘာမှ မလုပ်လိုက်ရဘဲ တန်ဖိုးရှိတဲ့ လူငယ်ဘဝကို ကုန်ဆုံးလိုက်ရတယ် ။
အလုပ်အကိုင် ရှားပါးတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ညည်းညူနေမယ့်အစား အလုပ်အကိုင် ပေါလာမယ့် တစ်နေ့အတွက် ကြိုတင် ပြင်ဆင်ထားကြသင့်တယ် ။ သားသူငယ်ချင်းတွေက ဘာဖုန်းကိုင်တာလို့ မိဘကို မကျေမနပ် ပြောနေမယ့်အစား မိဘ အလုပ်မှာ နိုင်သလောက် ဝင်ကူပေးနေရင် ဘယ်လောက် ကောင်းမလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက် အလုပ်လုပ်နေရလို့ လောကကြီးကို အပြစ်တင်နေမယ့် အစား အဲဒီလို ဘဝကနေ မီလျံနာတွေ ဖြစ်ကုန်ကြတဲ့ လူတွေအကြောင်းကို အတုယူပြီး အိပ်မက်မက်နေသင့်တယ် ။
တကယ်တော့ အောင်မြင်မှု ဆိုတာ အဓိပ္ပာယ် ဖွင့်ရ ခက်ပါတယ် ။ ဘာကို အောင်မြင်တယ် ခေါ်တာလဲ ။ ဘယ်သူ့ကို အောင်မြင်သူအဖြစ် သတ်မှတ်ရမှာလဲ ။
တကယ်တော့ အောင်မြင်သူတွေ ဆိုတာ ဘဝ ဆိုတဲ့ ကျောင်းက ကိုယ့်ကို ပေးလာတဲ့ ပုစ္ဆာကို အကောင်းဆုံး ဖြေဆိုနိုင်သူတွေပဲ ဖြစ်ပါတယ် ။ ‘ကိုယ်’ဟာ ‘သူ’ဖြစ်စရာ မလိုဘူး ။ ဘယ်လောက် ကြိုးစားကြိုးစား ဖြစ်လာမှာလည်း မဟုတ်ဘူး ။ “ကိုယ်” လုပ်ဖို့ လိုတာက “အကောင်းဆုံး သော ကိုယ် ” ဖြစ်လာဖို့ပဲ ။
#ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် #ဒေါက်တာဖြိုးသီဟ

image