3 w - Translate

သမ္မတကို ပြဿနာရှာလိုက်တဲ့ အီလွန်မတ်စ်
အီလွန်မတ်စ်တော့ မီးအကြီးကြီး မွှေးလိုက်ပါပြီ။
ဒီတစ်ခါ သူနဲ့ ရင်ဆိုင်နေရတာက ရိုးရိုးလူမဟုတ်ပါဘူး။ အမေရိကန်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပါ။ ဒီရက်ပိုင်း ထရမ့်နဲ့ အီလွန်မတ်စ်တို့အကြား အကွဲအပြဲတွေ ကြီးသထက်ကြီးလာချိန် အီလွန်မတ်စ်က X ပေါ်မှာ ပို့စ်တစ်ခု တင်ပါတယ်။
အဲ့ဒီပို့စ်က‌ ထရမ့်ကို အီလွန်မတ်စ် လူသိရှင်ကြား တိုက်ခိုက်လိုက်တဲ့ ပို့စ်ပါ။ ကြာသာပတေးနေ့က သူတင်တဲ့ ပို့စ်က တော်တော်ပြင်းထန်ပါတယ်။
"ဗုံးကြီးကြီးချဖို့ အချိန်ရောက်ပြီ။ @realDonaldTump က အက်ပ်စတိန်းအမှုဖိုင်ထဲမှာ ပါတယ်။ အဲ့ဖိုင် အများရှေ့ ချမပြတဲ့ တကယ့်အကြောင်းရင်းက အဲ့ဒါပဲ။ ကောင်းသောနေ့ ဖြစ်ပါစေ DJT" လို့ ပါပါတယ်။
အက်ပ်စတိန်းဆိုတာ လူရာနဲ့ချီ လိင်ကုန်ကူး လိင်အမြတ်ထုတ် ငွေညှစ်အကြပ်ကိုင်ခဲ့လို့ ထောင်ချခံရပြီး ၂၀၁၉ က ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ နာမည်ပျက်သူဌေးတစ်ဦးပါ။ လူချမ်းသာကနေ သမ္မတလိုမျိုး ထိပ်ထိပ်ကြဲပုဂ္ဂိုလ်တွေအထိ သူနဲ့ ပတ်သက်ခဲ့လို့ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။အက်ပ်စတိန်းနဲ့ ကြံရာပါ ဂီစလိန်း မက်စ်ဝဲလ်ကတော့ ထောင်အနှစ် ၂၀ ကျခံထားပါတယ်။
အက်ပ်စတိန်းဖိုင်မှာ ထရမ့်နာမည်ပါလို့ ဖိုင်တွေ ချမပြတာလို့ အီလွန်မတ်စ်က စွပ်စွဲပါတယ်။ ထရမ့်ဘက်ကလည်း အီလွန်မတ်စ်ကုမ္ပဏီတွေကို အစိုးရက ချပေးထားတဲ့ ကန်ထရိုက်တွေနဲ့ အခွန်သက်သာခွန့်တွေ ဖျက်သိမ်းမယ်လို့ ပြန်ခြိမ်းခြောက်နေပါတယ်။ အီလွန်မတ်စ်က မကြာသေးခင်ကပဲ DOGE က ထွက်ပြီး ထရမ့်လုပ်ရပ်တွေကို ဝေဖန်လာနေတာပါ။
အခုတော့ နိုင်ငံရေးအင်အားကြီးသူနဲ့ ဓနအင်အားကြီးသူတို့ရဲ့ ရန်ပွဲကို လူမှုကွန်ရက်မှာ ရှားရှားပါးပါး တွေ့လိုက်ရတာပါ။ ဒီပွဲမှာ ဘက်ကွဲတာတွေ လက်တွဲတာတွေ မြင်ရမလားမပြောနိုင်ပါဘူး။ ထရမ့်အစိုးရအဖွဲ့ဘက်က နှိပ်ကွပ်တာတွေ လုပ်နိုင်သလို အီလွန်မတ်စ်ဘက်ကလည်း သမ္မတကို စွပ်စွဲပြစ်တင်မှုတွေ ရှိလာနိုင်ပါတယ်။
ထရမ့်နဲ့ မတ်စ်အကြား အကွဲအပြဲက ဒီလောက်နဲ့ ရပ်သွားမှာ မဟုတ်ဘဲ ပေါက်ကွဲမှုတစ်ခုဆီ ဦးတည်လာနိုင်ပါတယ်။

image