#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မောင်းသူမဲ့လေယာဉ်အစင်း တစ်သိန်း ယူကရိန်းသို့ဗြိတိန်ပေးပို့ကူညီမည်
၂ဝ၂၆ ခုနှစ်ဧပြီလအရောက်တွင် ယူကရိန်းနိုင်ငံအတွက် မောင်းသူမဲ့လေယာဉ်အစင်းရေ ၁ဝဝဝဝဝ အထိ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဇွန် ၄ ရက်တွင် ကတိကဝတ်ပြုလိုက်သည်။
မောင်းသူမဲ့လေယာဉ်များသည် မျက်မှောက်ခေတ်စစ်ပွဲများ တိုက်ခိုက်မှုပုံစံကို ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ထုတ်ဖော်ပြောကြားထားသည်။
သို့ဖြစ်ရာ မိမိတို့အနေဖြင့် အမေရိကန်ဒေါ်လာ ၄၇၃ သန်းတန်ဖိုးရှိမောင်းသူမဲ့လေယာဉ်အစင်းရေ ၁ဝဝဝဝဝ ကို ရုရှားကျူးကျော်စစ်နှင့် ရင်ဆိုင်နေရသောယူကရိန်းနိုင်ငံအတွက် ပေးပို့ကူညီမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးကပြောကြားထားသည်။
ယင်းအပြင်ရုရှားကျူးကျော်စစ်အတွင်း မောင်းသူမဲ့လေယာဉ်များဖြင့် စစ်မြေပြင်ကိုအသွင်ပြောင်းလဲနိုင်ခဲ့သော ယူကရိန်းနိုင်ငံထံမှ အတွေ့အကြုံများ ရယူရန်လည်း မိမိတို့စီစဉ်ထားကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသည်သုံးနှစ်ကျော်ကြာ ယူကရိန်းစစ်ပွဲကာလအတွင်း ယူကရိန်းနိုင်ငံကို အခိုင်မာဆုံးထောက်ခံအားပေးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဗြိတိန်နိုင်ငံသည်ယူကရိန်းနိုင်ငံအတွက် ယခုနှစ်ဇန်နဝါရီလမှစ၍ လက်ရှိအချိန်ထိမောင်းသူမဲ့လေယာဉ်များအပြင် အမြောက်ကျည် ၁၄ဝဝဝဝ ကိုလည်းပေးပို့ကူညီထားကြောင်း သိရသည်။
ရိုက်တာ

image