မြန်မာအပါအဝင် နိုင်ငံအများအပြားကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်
အမေရိကန်ကို အန္တရာယ်ရှိတဲ့ ပြည်ပနိုင်ငံသားတွေရန်က ကာကွယ်ဖို့ နိုင်ငံအများအပြားက နိုင်ငံသားတွေ လာရောက်ခွင့်ကို ပိတ်ပင်တားမြစ်တဲ့ အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ဒီအမိန့်မှာတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို ၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံသားတွေ လာရောက်မှုကို အပြည့်အ၀ကန့်သတ်ထားပါတယ်။
အခြေား ခုနှစ်နိုင်ငံဖြစ်တဲ့ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေ ဝင်ရောက်မှုကိုတော့ တစိတ်တပိုင်း ကန့်သတ်ထားမှာဖြစ်ပါတယ်။
ပြည်ဝင်ခွင့် အလုံးစုံပိတ်ပင်ခံရတဲ့နိုင်ငံတွေဟာ စိစစ်တာနဲ့ စစ်ဆေးတဲ့လုပ်ငန်းစဉ်တွေမှာ ချို့ယွင်းချက်တွေရှိနေပြီး အမေရိကန်အတွက် အလွန်အန္တရာယ်မြင့်မားတာကို တွေ့ရှိရတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
ဒီအမိန့်ဟာ ဇွန် ၉ ရက် အရှေ့ပိုင်း စံတော်ချိန် နံနက် ၁၂ နာရီ ၁ မိနစ်မှာ စတင်သက်ဝင်မယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ အဲဒီနေ့မတိုင်ခင် ထုတ်ပြန်ပေးထားတဲ့ ပြည်ဝင်ခွင့်တွေကိုတော့ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားနဲ့ အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားတွေ၊ နည်းပြတွေနဲ့ ဆွေမျိုးတွေကတော့ ပြည်ဝင်ခွင့် ပိတ်ပင်တာကနေ ကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အမေရိကန်မှာ အဖြစ်မခံမှာမဟုတ်ဘူးလို့ ထရန့်ကပြောပါတယ်။
လုံခြုံပြီး ယုံကြည်လို့မရတဲ့ ဘယ်နိုင်ငံကိုမဆို အမေရိကန်ကို ပွင့်လင်းမြင်သာ တရားဝင်ရွှေ့ပြောင်းနေထိုင်ခွင့် ရမှာမဟုတ်ဘူးလို့ သူကပြောပါတယ်။
ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း မွတ်ဆလင်နိုင်ငံအများအပြားအပေါ် ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ ပိတ်ပင်တားမြစ်မှုဟာ သူ့ရဲ့ ၂၀၂၄ ခုနှစ် သမ္မတမဲဆွယ်ပွဲ ကတိကဝတ်တခုလည်း ဖြစ်ပါတယ်။
Ref:CNA
Photo:AFP
