#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဆူဒန်တွင် ကုလသမဂ္ဂယာဉ်တန်း ပစ်ခတ်ခံရမှု ဝန်ထမ်းငါးဦးသေဆုံး
လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော ဆူဒန်နိုင်ငံ အယ်လ်ဖာရှာမြို့တွင် အကူအညီများသယ်ဆောင်လာသော ကုလသမဂ္ဂယာဉ်တန်း တိုက်ခိုက်ခံရပြီး ဝန်ထမ်းငါးဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇွန် ၃ ရက်တွင်ပြောသည်။
မြောက်ဒါဖာပြည်နယ် အယ်လ်ကိုမာအနီးတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် လူအများအပြားဒဏ်ရာရခဲ့ပြီး ကုန်တင်ကား အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက ပြောသည်။
အဆိုပါကုလသမဂ္ဂယာဉ်တန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆူဒန်စစ်ဘက်နှင့် အာရ်အက်စ်အက်ဖ် ပြည်သူ့စစ်အဖွဲ့တို့က အပြန်အလှန်စွပ်စွဲထားသည်။ တိုက်ခိုက်မှုဖြစ်ပွားပုံကို ကုလသမဂ္ဂက ပြောကြားခြင်းမရှိသော်လည်း အရေးပေါ် စုံစမ်း စစ်ဆေးရန်နှင့် ကျူးလွန်သူများကိုအရေးယူရန်တောင်းဆိုထားသည်။
ယာဉ်တန်းတွင် ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့နှင့်ကလေးငယ်များ အေဂျင်စီမှ ထရပ်ကား ၁၅ စီး ပါဝင်ပြီး ငတ်မွတ်ခေါင်းပါးမှုများ ကြုံတွေ့ နေရသည့် အယ်လ်ဖာရှာသို့ ပေးပို့ရန်ဖြစ်သည်။ အယ်လ်ဖာရှာသည် စစ်တပ်ထိန်းချုပ်မှုအောက်ရှိ အနောက်ဒါဖာပြည်နယ်၏ နောက်ဆုံးမြို့ဖြစ်ပြီးပြည်သူ့စစ်များ၏ တိုက်ခိုက်မှုခံနေရသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။
စစ်တပ်နှင့်ပြည်သူ့စစ်တို့အကြား အာဏာလွန်ဆွဲမှုမှစတင်ခဲ့သည့် ပြည်တွင်းစစ်သည် နှစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး အရပ်သားထောင်ပေါင်းများစွာသေဆုံးခဲ့ကာ လူလေးသန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
အကူအညီပေးရေး အဖွဲ့အချို့ကမူတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆူဒန်စစ်တပ်ကို အပြစ်တင်ထား သည်။ ပြည်သူ့စစ်များ ထိန်းချုပ် ထားသော အယ်လ်ကိုမာဒေသသည်လည်း ပြည်သူ့စစ်နှင့် ဆူဒန်စစ်ဘက်တို့အကြား မကြာခဏတိုက်ပွဲများ ဖြစ်ပွားရာဒေသဖြစ်သည်။
ဘီဘီစီ

image