4 w - Translate

#ပြည်တွင်းသတင်း
◼ရန်ကုန်တွင်လူဦးရေ ၂ ဒသမ ၇ သန်းခန့်ဆင်းရဲနွမ်းပါးမှုကြုံတွေ့နေဟု UNDP ထုတ်ပြန်
ရန်ကုန်တိုင်းရှိလူဦးရေ ၂ ဒသမ ၇ သန်းခန့်သည် ဆင်းရဲနွမ်းပါးမှုနှင့်ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုသုံးသပ်ခြင်းအစီရင်ခံစာတွင်ဖော်ပြသည်။
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်စီးပွားရေးကြပ်တည်းမှုများကြောင့် ရန်ကုန်မြို့ရှိရွှေ့ပြောင်းအခြေချနေထိုင်သူများပြားသည့် ဆင်ခြေဖုံးရပ်ကွက်များတွင် ဆင်းရဲနွမ်းပါးမှုဒဏ်ကို အဆိုးဆုံးကြုံတွေ့နေကြရသည်ဟုဆိုသည်။
၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာဆင်းရဲနွမ်းပါးသူအဖြစ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တွင် ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့‌ကြောင်း၊ ရန်ကုန်မြို့ရှိဆင်းရဲနွမ်းပါးသူ ခန့်မှန်းလူဦးရေမှာ ၆ ဒသမ ၂ သန်းရှိပြီး လက်ရှိတွင်ဆင်းရဲနွမ်းပါးသူလူဦးရေ နှစ်သန်းခန့်ပိုတိုးလာကာ ဆင်းရဲနွမ်းပါးမှုအခြေအနေ နှင့်ကြုံတွေ့နေရကြောင်း အစီရင်ခံစာကဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိဆင်ခြေဖုံးရပ်ကွက်များ၌ ရွှေ့ပြောင်းအခြေချနေထိုင်သူအိမ်ထောင်စုများ၏ ၃၉ ရာခိုင်နှုန်းသည် အလွန်ဆင်းရဲနွမ်းပါးသူအုပ်စုတွင်ပါဝင်နေကြောင်း၊ ၎င်းတို့အနက်သုံးပုံတစ်ပုံခန့်သည် နိုင်ငံရေးမတည်ငြိမ်မှုများစတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်အပြီးတွင် ရွှေ့ပြောင်းအခြေချလာသူများ ဖြစ်သည်ဟု UNDP ကဆိုသည်။
အဆိုပါ ရွှေ့ပြောင်းသူများသည် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားအထောက်အထား စသည့် စာရွက် စာတမ်းများပျက်စီးခြင်းနှင့် ပြန်လည်ထုတ်ယူရန်ခက်ခဲမှုများရှိသောကြောင့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ခြင်း၊ ငွေကြေးချေးငှားခြင်းနှင့် ပိုင်ဆိုင်မှုများရောင်းချခြင်းတို့ဖြင့် အခြေခံလိုအပ်ချက်များ ကိုဖြည့်ဆည်းနေရကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးအသုံးစရိတ်သည်လည်း ထပ်ဆောင်းဖိအားတစ်ခုဖြစ်ပြီး ကုသမှုကုန်ကျစရိတ် အတွက်လည်း အိမ်ထောင်စုပိုင်ပစ္စည်းများရောင်းချခြင်းနှင့် ပြင်ပမှငွေချေးယူခြင်းဖြင့် ဖြေရှင်းနေရ ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဆင်းရဲနွမ်းပါးမှုလွတ်မြောက်ရာလမ်းဖြစ်သည့် ပညာရေးနှင့်လည်း အလှမ်းဝေးကွာလျက်ရှိပြီး ဆင်းရဲသောမိသားစုများအတွင်း ၁၇ ရာခိုင်နှုန်းသော ကလေးငယ်များသည် ပညာသင်ကြားနိုင်ခြင်း မရှိကြောင်း၊ ၃၇ ရာခိုင်နှုန်းသောအိမ်ထောင်စုများတွင်မူ မိသားစုဝင်ငွေရှာဖွေရာတွင် ပါဝင်ရသည့် အတွက် အဆိုပါကလေးများ၏ပညာရေးမှာ ရပ်တန့်သွားရကြောင်းသိရသည်။
ယင်းအခက်အခဲများကိုဖြေရှင်းရန်ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် တုံ့ပြန်ဆောင်ရွက်မှုပုံစံမျိုးစုံကို လုပ်ဆောင်ရန်လိုအပ်နေပြီး စီးပွားရေးတည်ငြိမ်လုံခြုံမှုအား အတိုင်းအတာတစ်ခုအထိမြင့်တက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများအားတိုးချဲ့ဖန်တီး‌ပေးရန် အစီရင်ခံစာတွင်ထည့်သွင်းပြောဆိုထား သည်။
အဆိုပါအစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင်ကောက်ယူခဲ့သည့်စစ်တမ်းများမှ မေးမြန်းဖြေဆိုမှု ပေါင်း ၄,၈၀၀ ကျော်၏အချက်အလက်များကိုအခြေခံ၍ တင်ပြခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ဖော်ပြချက်အရသိရသည်။
သတင်း - အင်ကြင်း

image