4 w - Translate

တကယ်တမ်းပြောရရင် ကျနော်က
ကျေးလက် ရုပ်ရှင်ဇာတ်ကားတွေထဲကလို
ဟိုက်ဝေးလမ်းမကြီးနဲ့ မနီးမဝေးနေရာတစ်ခုမှာ
တစ်ထပ်အိမ် ကြီးကြီးတစ်လုံး ဆောက်ထားတဲ့
ခြံကျယ်ကျယ်ဝန်းဝန်းကြီးမျိုးနဲ့ပဲ နေချင် တာ။
အဲဒီမှာ ကျနော်နှစ်သက်တဲ့ သီးပင်စားပင်တွေကို
စိုက်မယ်။ ကျနော် မွေးချင်တဲ့ သတ္တဝါတွေကို
မွေးမယ်ပေါ့။ ကျနော့်ရဲ့ ပိုင်နက်ထဲမှာ
ကျနော်နဲ့ တစ်သားတည်းကျမယ့် ခွေးကြီး
နှစ်ကောင်လောက်ကိုလည်း မွေးထားဦး မယ်။
လိုအပ်တာ ဝယ်ဖို့လောက်ကလွဲပြီး အချိန်ပြည့်
ပြန်ပြန်ပြင်နေရမယ့် ဗန်ကားအစုတ်ကြီး
တစ်စီးကလည်း ကျနော့်ရဲ့ ဆီမှာ ရှိနေမယ်။
ကျနော်နဲ့ မနီးမဝေးမှာ ၂၄ နာရီပတ်လုံး
လိုအပ်တဲ့ ပစ္စည်းကလေးတွေနဲ့ အရက်ကအစ
စားစရာကအဆုံး ပေါက်စိပေါက်စလေးတွေပါ
အားလုံး ကို အလွယ်တကူ ဝယ်ယူနေလို့ရနေမယ့် ဓာတ်ဆီထည့်တဲ့ ဆိုင်ကလေး တစ်ခုလည်း
ရှိနေမယ်။ ကျနော်ဟာ ညဘက်တွေဆိုရင်
ရေဒီယိုအဟောင်း ကြီးတစ်လုံးဆီက
ကြားနိုင်သမျှအသံတွေကို ချိန်ညှိနေခဲ့ရင်း
လွှဲလို့ရတဲ့ ပက်လက်ကုလားထိုင်ကြီးတစ်လုံးရဲ့
အပေါ်မှာ နားထောင်နေခဲ့ရင်းက အရက်တွေ
သောက်နေခဲ့မိမယ်။ တချို့ ညနေခင်းတွေဆို
ကော်ဖီအကြမ်း တစ်ခွက်လောက်နဲ့
နေဝင်တဲ့အချိန်ကိုကြည့်ရင်း အိမ်ရှေ့တံခါးအဝ
နေရာ လေးဆီမှာ စစ်ကျန်ခေတ်က အဘိုးကြီးတစ်ယောက်လို မျက်မှောင်ကျုံ့ရင်း
စာအုပ်တစ်အုပ်အုပ်ကို လေးငါးမျက်နှာလောက်
ဖတ်ချင် ဖတ်နေမိခဲ့ မယ်။
ခွေးဟောင်သံကြားရင် နှစ်လုံးပြူးသေနတ်ကြီး
ထဆွဲပြီး တစ်ဘဝလုံး ဘယ်အရာကိုမှ
မကြောက်ခဲ့ဖူးတဲ့ လူထူးလူဆန်းကြီး
တစ်ယောက်လိုမျိုး ဘောက်ဆတ်ဆတ်နဲ့
အသံကြားတဲ့နေရာကို ထပြီးတော့ သွားကြည့်မယ်။
ပြီးတော့လည်း ပွစိပွစိပြောပြီးတော့
ကျနော်ထိုင်နေခဲ့တဲ့ နေရာဆီကို ပြန်လာနေမိမယ်။
ကျနော်ထင်တယ် ဘဝမှာ အဲဒီလောက်
စိတ်ကျေနပ်နေရမယ့် ကိုယ့်လက်ကိုယ့်ခြေ
နေမှုထိုင်မှုမျိုး သိပ်လိုအပ်နေခဲ့ပြီဆိုတာကို။
ပြီးတော့ အဲဒါကိုပဲ
ကျနော်ဆိုတဲ့လူက ဘဝရဲ့ လိုအပ်သမျှလို့
ဆက်ပြီးတော့ ထင်မှတ်နေခဲ့မိဦးမှာ ။
• အသဲသိလား / မှ •
❝ ဆရာချစ်မင်းဝေ ❞ စာအုပ်များစုစည်းမှု

image