4 w - Translate

#ပြည်တွင်းသတင်း
◼မြစ်ကြီးနား၌ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ရှိ၊ ရှာဖွေကယ်ဆယ်ရေးစုရပ် နေရာရှစ်ခုဖွင့်လှစ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရေဘေးသင့်ပြည်သူ ၁၀၀၀၀ ကျော်ရှိလာပြီး ရေဘေးရှာဖွေကယ်ဆယ်ရေးစုရပ်နေရာရှစ်နေရာအထိ တိုးမြှင့်ဖွင့်လှစ်ထားကြောင်း နစက၏ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။
မြစ်ကြီးနားမြို့၌ ပြီးခဲ့သည့်မေ ၃၁ ရက်ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဧရာဝတီမြစ်‌ရေမြင့်တက်လာကာ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီးနှင့် ရေကြည်ရပ်ကွက် များ၏မြေနိမ့်ပိုင်းရှိ‌နေအိမ်များအတွင်း ရေဝင်ရောက်ကာရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကထုတ်ပြန်ထားသည်။
အဆိုပါရေဝင်ရောက်ခြင်းကြောင့် သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား(လယ်ကုန်း- ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန်တံတား (အနောက် လယ်ကုန်း - ကြက်ပေါင်ခြံအစပ်) နှင့် ကျွန်းပင်သာစက်လှေဆိပ်များတွင် ရေဘေးရှာဖွေကယ်ဆယ်ရေး စုရပ်နေရာခြောက်ခုတွင်ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ရေဝင်ရပ်ကွက်ဧရိယာ တိုးခြင်းကြောင့် ရေဘေးကယ်ဆယ်ရေးအဖွဲ့စုရပ်အဖြစ် မြို့သစ်ကြီးရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး နှင့် မဟာဗန္ဓုလလမ်းဆုံနေရာ၌ စုရပ်များထပ်မံတိုးမြှင့်ဖွင့်လှစ်ထားကြောင်းသိရသည်။
ယနေ့(ဇွန် ၄ ရက်)မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွားချက်အရ မြစ်ကြီးနားမြို့၏ မြစ်ရေအခြေ အနေမှာကျဆင်းလျက်ရှိကြောင်း၊ စုစုပေါင်း ၁၂ ပေကျော်ခန့်ပြန်လည်ကျဆင်းပြီးဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူဦးနိုင်လင်းထွေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
လက်ရှိတွင်မြစ်ကြီးနားမြို့ရှိရေဘေးသင့်အိမ်ထောင်စု ၂၂၅၇ စု၊ လူဦးရေ ၁၀၃၇၅ တို့အား ကြက်ပေါင်ခြံရပ်ကွက်အတွင်း ရွှေဆုပန်ဘုန်းတော်ကြီးကျောင်းနှင့် အမက(မူလွန်)ကျောင်း၊ လယ်ကုန်း ရပ်ကွက်အတွင်း အမှတ်(၁) မူလွန်ကျောင်း၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း (ဇီးလွန်)၊ ရမ်ပူရပ်ကွက်အတွင်း မာမကဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဒိဘုန်းတော်ကြီးကျောင်းနှင့် ရွှေဘိုကျောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း အောင်ဇေရန် အောင်ဘုန်းကြီးကျောင်း၊ မြေမြင့်ရပ်ကွက်၊ မြေမြင့်ဘုန်းတော်ကြီးကျောင်း အစရှိသည့်နေရာများ အပါအဝင် မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ခရစ်ယာန် ဘာသာရေးကျောင်းများတွင်လည်း ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ အထိဖွင့်လှစ်၍ ရွှေ့ပြောင်းကူညီ ထားကြောင်း နစက၏ကချင်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image