လူအများအပြားသေကြေစေတဲ့ လက်နက်တွေပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာလို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပြော
(ပြည်တွင်း) ဇွန် ၄
ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ လူအများအပြားသေကြေစေတဲ့ လက်နက်တွေပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာလို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်ပါတယ်။ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမမှာ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ လူအများအပြားသေကြေစေတဲ့ လက်နက်တွေပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တဲ့အပြင် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း အစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရဘဲ Private Sector ရဲ့ အရေးပါမှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပြောဆိုလိုက်တာဖြစ်ပါတယ်။
ဗဟိုအဖွဲ့ တွင်လည်း Private Sector တွေ ပူးပေါင်းပါဝင်နိုင်ဖို့ UMFCCI ကို ထည့်သွင်းဖွဲ့စည်းထားပြီး UMFCCI ဟာ ကုန်သွယ်ရေး၊ စက်မှုလက်မှုနဲ့ စီးပွားရေးလုပ်ငန်းပေါင်းစုံ အဖွဲ့အစည်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် Public-Private Partnership ကဏ္ဍ တိုးမြှင့်ဆောင်ရွက်ရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံကို FATF က ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကစလို့ တိုးတက် ဆောင်ရွက်မှုတွေကို စောင့်ကြည့်မယ့် နိုင်ငံနဲ့ဒေသတွေစာရင်း(Gray List)မှာ ထည့်သွင်းခဲ့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အစီအမံ(Action Plan)မှာပါတဲ့အချက်တွေအပေါ် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာပေးပို့ခြင်းနဲ့ မျက်နှာစုံညီအစည်းအဝေး တက်ရောက်ခြင်းတွေကို (၄)လတစ်ကြိမ် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။
Action Plan ပါ အချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး Action Plan ပါ အချက် ၁၅ ချက်အနက် ယခုလက်ရှိ အချက် ၆ ချက်သာ ကျန်ရှိတာကြောင့် ကျန်ရှိတဲ့ အချက်တွေကို ပြီးမြောက်စေဖို့ သက်ဆိုင်ရာဌာနအသီးသီးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောဆိုထားပါတယ်။
မကြာသေးမီကပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားအဆင့်မဟာဗျူဟာ(၂၀၂၄-၂၀၂၈) လုပ်ငန်းတွေ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ဖို့အတွက် လုပ်ငန်းနယ်ပယ် ၅ ရပ်နဲ့ ကော်မတီအသီးသီးကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်လို့ ကော်မတီတွေအနေနဲ့ နှစ်အလိုက်လုပ်ငန်းစဉ် (Annual Work Plan)ရေးဆွဲဆောင်ရွက်ရေး၊ တိုးတက်မှုအစီရင်ခံစာတွေကို ၃ လ တစ်ကြိမ်တင်ပြရေး၊ ကာလလယ်ပြန်လည်သုံးသပ်ရေး(Mid-term Review) စတာတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကပြောဆိုထားပါတယ်။
၂၀၂၉ ခုနှစ်မှာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တတိယအကြိမ် နိုင်ငံအချင်းချင်း အကဲဖြတ်ခြင်းလုပ်ငန်းစဉ် (Mutual Evaluation-ME)ကို ဆောင်ရွက်ဖို့ရှိတဲ့အတွက် ဆောင်ရွက်ရမယ့် ME လုပ်ငန်းစဉ်တွေအတွက် ကော်မတီတွေအနေနဲ့ ကြိုတင်စီမံထားကြဖို့ကိုလည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်တွေ၊ ငွေကြေး ခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့က အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
