“ မ , အနေနဲ့ဆိုရင် လောကမှာ စိတ်အေးအေးချမ်းချမ်း နေရရင် တော်ပြီ ။ အပင်ပန်းလည်း သိပ်မခံချင်ဘူး ။ စိတ်ဆင်းရဲလည်း သိပ်မခံချင်ဘူး ။ ရည်မှန်းချက်လည်း သိပ်မကြီးချင်ဘူး ။ ရည်မှန်းတဲ့ အတိုင်းဖြစ်ရင်တော့ ကောင်းတယ် ။ မဖြစ်ရင် ပင်ပန်းရတယ် ။ ဒီတော့ ရောင့်ရဲနိုင်တဲ့စိတ်ကိုလည်း မွေးဖို့ကြိုးစားပြန်တယ် ။
“ စိတ် ဆိုတာလည်း ငှက်မွေးကလေးလို ပေါ့ပါးရင်တော့ အကောင်းသားပဲနော် ။ လွတ်လွတ်ကင်းကင်း လွင့်ချင်ရာ လွင့်နိုင်တာပေါ့ ။ ခုတော့ ပင့်ကူအိမ်တွယ်သလို တွယ်ငြိစရာတွေက အများကြီးမဟုတ်လား မောင်၊
တစ်နေရာက လွတ်ပေမယ့် တစ်နေရာမှာလာပြီး ငြိတွယ်နေတတ်တယ် ။ ” - မ
“ ကိုယ့်ဘဝကို မြှုပ်နှံခြင်းဖြင့် မ,၏ အချစ်ကို သန့်ရှင်းစွာ အရယူမည် ။ ကိုယ့်အတွက် လမ်းနှစ်လမ်းသာ ရွေးရန်ရှိတော့သည် ။ သည်တစ်ချက်အတွက် မှားလျှင် နောက်တစ်ကြိမ် ကိုယ် လွင့်ရပေဦးမည် ။ မ,ကို ကိုယ်ချစ်သည် ။ မ, နှင့်ဝေးရာပြေးရမည်ကို ကိုယ်ကြောက်တာ အမှန်ပင်ဖြစ်သည် ။ ကိုယ့်တစ်သက်တွင် မ,ကို မုန်း၍လည်းမရ၊ မေ့၍လည်း မရ။ မ... အတွက် ကိုယ့်မှာ အစဉ်မောရပေတော့မည် ။ ” - ကိုဘခက်
ဆရာ “အောင်လင်း” ရေးသားထားတဲ့
“အရိုင်းစံပယ်” ဆိုတဲ့ ဒီ စာအုပ်လေးက ဘယ်လောက် နက်ရှိုင်းလဲဆိုရင် ဖတ်နေရင်းတောင် ရင်ထဲမှာ နစ်ဝင်သွားခဲ့ပါတယ် ။
“မ” နဲ့ “ကိုဘခက်” ဆိုတဲ့ နာမည်လေးတွေက ခုထိကို ရင်ထဲမှာ စွဲနေတုန်းပါပဲ ။ သူတို့ရဲ့လှုပ်ရှားမှုလေးတွေ၊ မြန်မာ့ယဥ်ကျေးမှုအနုပညာကို တန်ဖိုးထားပုံလေးတွေ၊ တစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားကြပုံလေးတွေကို ဖတ်ရင်း စိတ်ထဲမှာ ကြည်နူးမိပါတယ် ။
ကိုဘခက်ရဲ့ အနုပညာအပေါ်မှာ အလေးထားပြီး တန်ဖိုးထားပုံလေးတွေကိုဖတ်ရတာ တကယ်ကို လေးစားမိပါတယ် ။ ကိုယ့်ရဲ့ပညာကို ငွေနဲ့တန်ဖိုးမဖြတ်ဘဲ တန်ဖိုးထားတဲ့ အနုပညာရှင် တစ်ယောက် ။ ဘယ်လောက် လေးစားဖို့ကောင်းလိုက်လဲနော် ။
ပြီးတော့ မ, ဆိုတဲ့ ဇာတ်ကောင်လေး ကလည်း ဘယ်လောက်တောင် အေးချမ်းလိုက်လဲဆိုရင် “ မ, အနေနဲ့ဆိုရင် လောကမှာ စိတ်အေးအေးချမ်းချမ်း နေရရင်တော်ပြီ ။ အပင်ပန်းလည်း သိပ်မခံချင်ဘူး ။ စိတ်ဆင်းရဲလည်း သိပ်မခံချင်ဘူး ။ ရည်မှန်းချက်လည်း သိပ်မကြီးချင်ဘူး ။ ရည်မှန်းတဲ့အတိုင်းဖြစ်ရင်တော့ ကောင်းတယ် ။ မဖြစ်ရင် ပင်ပန်းရတယ် ။ ဒီတော့ ရောင့်ရဲနိုင်တဲ့စိတ်ကိုလည်း မွေးဖို့ကြိုးစားတယ် ။” တဲ့
ဒီစာလေးဖတ်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်မိတယ် ။ ကိုယ်တိုင်လည်း ကိုယ့်ရဲ့ဘဝနေ့ရက်တွေကို ဒီတိုင်းပဲ ခံယူထားဖြစ်တယ် ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးတဲ့အခါ စာအုပ်တွေထဲမှာ ပြန်ရှာတွေ့မိရင် သိပ်ပျော်တာပဲ ။
မင်မင်မှာ ဇာတ်လမ်းအဆုံးကို မဖတ်ကြည့်မိအောင် မနည်း ထိန်းချုပ်ထားရတယ်ရယ် ။
ဒီစာအုပ်လေးကိုဖတ်ရတာ ပန်းချီကားလေးတစ်ချပ်ကို ပုံဖော်ပြီး ထိုင်ကြည့်နေရသလိုပါပဲ ။ အနုပညာလက်ရာတွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ရင်ထဲကို ဝင်ရောက်နေတာပါပဲ ။ ဒီစာအုပ်လေးကို ရုပ်ရှင်လည်း ရိုက်ကူးထားပါတယ် ။ မင်မင်တော့ မကြည့်ရသေးပေမယ့် ကြည့်ဖို့စီစဉ်ထားပါတယ်
တကယ်ကို ဖတ်ကြည့်ဖြစ်ရင် လုံးဝ အကြိုက်တွေ့သွားစေမယ့် စာအုပ်လေးတစ်အုပ်ဖြစ်လို့ မင်မင်က ညွှန်းပေးလိုက်ရပါတယ်ရှင့် ။
#အရိုင်းစံပယ် #အောင်လင်း
