#နိုင်ငံတကာသတင်း
◼မြေငလျင်ကြောင့် ထိတ်လန့်မှုများဖြစ်ပြီးနောက် ပါကစ္စတန်အကျဉ်းသား ၂၀၀ ကျော် ထွက်ပြေးသွား
မြေငလျင်လှုပ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် အကျဉ်းသားများအား ၎င်းတို့၏ အခန်းများမှ အပြင်သို့ ထွက်ခွင့်ပေးလိုက်ပြီးနောက်တွင် ယမန်နေ့ ညပိုင်းက ပါကစ္စတန်တောင်ပိုင်း ကရာချိမြို့တွင် အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအရာရှိများနှင့် ရဲတပ်ဖွဲ့ က ပြောကြားသည်။
ငလျင်လှုပ်ခတ်မှုများကြောင့် အကျဉ်းသား ရာပေါင်းများစွာကို အကျဉ်းထောင်ဝင်းထဲသို့ ဆင်းခွင့်ပြုခဲ့ကြောင်း ပြည်နယ်ဥပဒေရေးရာဝန်ကြီး ဇီယာအူလ်ဟာဆန် လန်ဂျာက သတင်းထောက်များအား အခင်းဖြစ်နေရာ၌ ပြောသည်။
“ ငလျင်လှုပ်တာတွေကြောင့် ကြောက်ရွံ့ထိတ်လန့်မှုတွေဖြစ်ခဲ့ပါတယ်။” ဟု လန်ဂျာက ဆိုပြီး တစ်ထောင်ကျော်ခန့် ရှိသော လူအုပ်ကြီးကို ထိန်းချုပ်ဖို့အလွန်ခက်ခဲသည်ဟု ၎င်းက ဆိုသည်။
တနင်္လာနေ့ည သန်းခေါင်ယံခန့်မှမှစ၍ အင်္ဂါနေ့ နံနက်ပိုင်းအထိ ထောင်ဖောက်ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အကျဉ်းသားများက ထောင်ဝန်ထမ်းများဆီမှ သေနတ်များကို လုယူခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကာ တံခါးမကြီးကိုလည်း အတင်းအဓမ္မဖွင့်ခိုင်းခဲ့ကြကြောင်း ရဲတပ်ဖွဲ့ က ပြောကြားသည်။
ထောင်အတွင်းမှ လျှပ်စစ် ပစ္စည်းများ ဖျက်ဆီးခံထားရပြီး မှန်ပြတင်းများလည်း ကွဲအက်နေသည်ကို ယနေ့နံနက်တွင် ယင်းနေရာသို့ ရောက်ရှိခဲ့သော ရိုက်တာသတင်းထောက်တစ်ဦး က မြင်တွေ့ခဲ့သည်။
ထောင်ဝင်စာတွေ့သော အခန်းမှာလည်း ဖျက်ဆီးခံထားရကာ စိုးရိမ်ပူပန်နေသော မိသားစုဝင်များက ထောင်ပြင်ပတွင် စောင့်ဆိုင်းနေကြသည်ကိုလည်း တွေ့ရသည်။
ယင်းမှာ ပါကစ္စတန်တွင် ဖြစ်ပေါ်သည့် အကြီးဆုံး ထောင်ဖောက်မှုဖြစ်ကြောင်း လန်ဂျာက ပြောသည်။
ပါကစ္စတန်နိုင်ငံတွင် အကြီးဆုံးဖြစ်သော ကရာချိမြို့ မာလာ ခရိုင်မှ အကျဉ်းထောင်သည် ဆင်းရဲသော လူနေရပ်ကွက်နှင့် စက်မှုလုပ်ငန်းရပ်ကွက်တွင် တည်ရှိကြောင်း သိရသည်။
အချို့ခြေဗလာနှင့်ဖြစ်သော အကျဉ်းသားများက ရပ်ကွက်ထဲသို့ ထွက်ပြေးခဲ့ကြပြီး ရဲတပ်ဖွဲ့က ၎င်းတို့အား လိုက်ဖမ်းကာ ဗင်ကားများပေါ် တင်ဆောင်သွားသည်ကို ဒေသတွင်း ရုပ်သံသတင်းများတွင် တွေ့ရသည်။
အကျဉ်းသားအများစုမှာ ဆေသုံးစွဲခြင်းကဲ့သို့ သေးငယ်သော အမှုများတွင် ပါဝင်ပတ်သက်ခဲ့ကြသူများဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ဂူလမ်နာဘီမီမွန် က ပြောသည်။
ပစ်ခတ်မှုအတွင်း အနည်းဆုံးအကျဉ်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ထောင်ဝန်ထမ်းသုံးဦးလည်း ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအချိန်ထိ လွတ်မြောက်သွားသော အကျဉ်းသား ၈၀ ခန့်ကို ပြန်လည် ဖမ်းမိထားပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် မူရက်အလီရှားက ပြောကြားပြီး အကျဉ်းသားများအား ၎င်းတို့ အခန်းများထဲမှ ပေးထွက်ခြင်းမှာ ထောင်အာဏာပိုင်များ၏ အမှားဖြစ်ကြောင်း ၎င်းက ပြောသည်။
လွတ်မြောက်နေဆဲ အကျဉ်းသားများလည်း ပြန်လည်၍ အဖမ်းခံရန် ရှားက သတိပေးလိုက်ပြီး ထောင်ဖောက်ခြင်းအတွက် ပြစ်မှုကြီးသွားနိုင်ကြောင်း သတိပေးသည်။
“ ဘာမဟုတ်တဲ့ အမှုလေးက အကြမ်းဖက်မှုဝါဒနဲ့ ပတ်သက်တာလိုမျိုး အမှုကြီးသွားနိုင်ပါတယ်” ဟု ရှားက ဆိုသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image