4 w - Translate

#ပြည်တွင်းသတင်း
◼မြစ်ကြီးနားမြို့၌ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထားဟုဆို
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်အစိုးရမှ ရေဘေးကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ပေးထားကြောင်း နစက၏ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။
မိုးသည်းထန်စွာ ရွာသွန်း၍ဧရာဝတီမြစ်‌ရေမြင့်တက်မှုကြောင့် ပြီးခဲ့သည့် (မေ ၃၁ ရက်)၊ည ၉နာရီ ၂၀ မိနစ်အချိန်မှစ၍ မြစ်ကြီးနားမြို့ရှိ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူ၊ မြို့သစ်ကြီး နှင့် ရေကြည်ရပ်ကွက်များ၏ မြေနိမ့်ပိုင်းရှိ‌ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သီတာတံတား၊ ကြက်ပေါင်ခြံရပ်ကွက်၊ အောင်တံတား (လယ်ကုန်း - ကြက်ပေါင်ခြံအစပ်)၊ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းအနီး၊ မနောဥပိန် တံတား (အနောက်လယ်ကုန်း - ကြက်ပေါင်ခြံအစပ်) နှင့် ကျွန်းပင်သာစက်လှေဆိပ်များတွင် ရေဘေး ရှာဖွေကယ်ဆယ်ရေးစုရပ်အဖြစ် စုစုပေါင်း နေရာ(၆)နေရာ ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ကြက်ပေါင်ခြံ ရပ်ကွက်အတွင်း ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း နှင့် အ.မ.က(မူလွန်)ကျောင်း၊ လယ်ကုန်းရပ်ကွက်အတွင်း အမှတ်(၁) မူလွန်ကျောင်း၊ အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း(ဇီးလွန်)၊ ရမ်ပူရပ်ကွက်အတွင်း မာမက ဘုန်းတော်ကြီးကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၊ အောင်သဒ္ဒိဘုန်းတော်ကြီးကျောင်း နှင့် ရွှေဘိုကျောင်း၊ မြို့သစ်ကြီးရပ်ကွက်အတွင်း အောင်ဇေရန် အောင်ဘုန်းကြီးကျောင်း၊ မြေမြင့်ရပ်ကွက်၊ မြေမြင့်ဘုန်း တော်ကြီးကျောင်း အစရှိသည့်နေရာများတွင်လည်း ကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်၍ ‌ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့ပေးထားကြောင်း ၊အဆိုပါ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု (၈၁၀)စု၊ လူဦးရေ ၄၀၂၀ တို့အား ကူညီကယ်ဆယ်ထားပြီး စားသောက်ကုန် နှင့် ရေသန့်များ ထောက်ပံ့ပေးထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ရေက ၃၁ ရက်တည်းကကြီးတာ။ဒီနေ့အခြေအနေက ၁၂ နာရီ နောက်ပိုင်းလောက်ထိမှာတော့ ရေကဖြည်းဖြည်းချင်း ပြန်ကျနေပါတယ်။ကျွန်တော်တို့ ကချင်ပြည်နယ်ရုံးကတော့ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ရေအမြဲဝင်နေကြနေရာတွေကို ကယ်ဆယ်ရေးလုပ်ဖို့စောင့်ဆိုင်းနေတာအခုထိပါပဲ။နေရာတွေကတော့ အများကြီးပဲ နေရာခွဲပြီး ရပ်ကွက်ခွဲပြီးလုပ်နေတာပေါ့။စက်လှေတွေနဲ့ပစ္စည်းတွေ၊လူတွေကို ရေလွတ်တဲ့နေရာတွေကို ၃၁ ရက် ညတည်းကစပြီး ရွှေ့ပြောင်းပေးနေပါတယ်။မိုးတွင်းရောက်တိုင်း အနိမ့်ပိုင်းတွေကဖြစ်နေကြပါပဲ။ဒါပေမယ့် ဒီနှစ်ကစိုးရိမ်ရတာက မနှစ်ကရေကြီးထားတဲ့အရှိန်ရယ်၊မြစ်ဖျားဘက်မှာ ခါတိုင်းထပ်ပိုပြီး ရေကြီးတဲ့အနေအထားလေးရှိတော့ အားလုံးကစိုးရိမ်နေကြတာပေါ့။ လိုအပ်ချက်အနေနဲ့ စက်လှေ နဲ့ အသက်ကယ်အင်္ကျီကတော့ အသင်းမှာလုံလုံလောက်လောက်မရှိလို့ အပြင်က ဌားရတာရှိတယ်။အခက်အခဲကတော့ စက်သုံးဆီပေါ့။ဒီမှာက စက်သုံးဆီ စျေးတအားမြင့်တဲ့ အခက်အခဲတစ်ခုပါပဲ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ကချင်ပြည်နယ်(မြစ်ကြီးနား)၏ ဥက္ကဌဖြစ်သူမှ စံတော်ချိန်သို့ပြောသည်။
မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ (ဇွန်လ ၂ ရက်)‌၊မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီနားမြို့၏ စိုးရိမ်ရေအမှတ် ဖြစ်သည့် (၁၂၀၀) စင်တီမီတာရှိသည့်အနက် နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ် (၁၂၁၀)သို့ စင်တီမီတာသို့ရောက်ရှိနိုင်၍ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ‌ရေဘေးလွတ်ရာသို့ ရှောင်ရှားကြရန် မိုးဇလမှ အသိပေးချက်ထုတ်ပြန်ထားသည်။
သတင်း-အင်ကြင်း
ဓာတ်ပုံ-MFSD

image