#ယနေ့ထုတ်သတင်းစာ_သတင်း
◼ သီလဝါ၊ ယုဇန၊ ရိုးမရိပ်သာနှင့် ကျန်စစ်မင်းအိမ်ရာတို့အား အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းပေးမည်
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်သော သီလဝါ၊ ယုဇနအပိုင်း(၃) ရိုးမရိပ်သာနှင့်ကျန်စစ်မင်းအပိုင်း (၁) အိမ်ရာတို့ရှိ တိုက်ခုနှစ်လုံး၊ အခန်း ၂၄၉ ခန်းတို့ကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ယခုလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)တွင် မတ် ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင်စုဆောင်းထားရှိသူ ၂ဝ၂ဝ စာရင်းတွင်ပါဝင်သူများသည် အဆိုပါ အိမ်ရာအခန်းများကို စာရင်းပေးသွင်းလျှောက်ထားနိုင်မည်ဖြစ်သည်။
စာရင်းပေးသွင်းခြင်းကို DUHD Sale Housing Facebook Page ၏ Messenger မှတစ်ဆင့် ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၀ ရက်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး ရောင်းချမည့်အိမ်ရာ၏ တည်နေရာ၊ အဆောက်အအုံ၊ အမျိုးအစား အခန်းအကျယ်အဝန်း၊ ဈေးနှုန်းတို့ကို ကြည့်ရှုလေ့လာပြီး စာရင်းပေးသွင်းရမည်ဖြစ်သည်။
ငွေစုစာရင်းရှင်တစ်ဦးအတွက် တစ်ကြိမ်သာ စာရင်းပေးသွင်းခွင့်ပြုမည်ဖြစ်သဖြင့် မိမိဝယ်ယူလိုသည့်အိမ်ရာနှင့် အဆောက်အအုံအမျိုးအစားကို သေချာစွာစဉ်းစားပြီးမှသာ စာရင်းပေးသွင်းရန်ဖြစ်ပြီး (တိုက်အမှတ်၊ အခန်းအမှတ်များ) ရွေးချယ်လျှောက်ထားခွင့်မရှိကြောင်း သိရသည်။
အိမ်ရာ၊ အဆောက်အအုံ၊ အမျိုးအစားအလိုက် စာရင်းပေးသွင်းလျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယားအစောဆုံး အမှတ်စဉ်များကို မဲနှိုက်ခွင့်ပြုမည်ဖြစ်သည်။
အခန်းမဲနှိုက်ခြင်းကို ဇွန် ၂၇ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
