5 w - Translate

#ပြည်တွင်းသတင်း
◼အရှေ့ဒဂုံရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်မှု အလှူရှင်များလိုအပ်နေဟုသိရ
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်နေတာကြောင့် ဒေသခံများက အလှူရှင်များကိုလိုအပ်နေတယ်လို့ ဒေသခံပရဟိတအသင်းကပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့ညပိုင်းက စတင်ကာ ရေတက်လာတယ်လို့သိရပြီး ရေတက်လာမှုကြောင့် အရှေ့ဒဂုံမြို့နယ်ရှိ ၁၁၊ ၁၃၊ ၁၄ နဲ့ ၁၀၈ ရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတယ်လို့သိရပါတယ်။
"အနက်ဆုံးနေရာတွေက ခါးလောက်၊ လမ်းမြုပ်ပြီး လမ်းပေါ်ကနေ ခါးလောက်ရှိတာ၊ ဒေသခံတွေပြောပြတာတော့ မိုးမရွာပဲနဲ့ ညနေ ၄ နာရီနောက်ပိုင်းဆို ရေတဖြေးဖြေးများလာတာတဲ့'' လို့ အရှေ့ဒဂုံမြို့နယ်ရှိ ပရဟိတအဖွဲ့ဝင်ဖြစ်သူ ကိုဖြိုးက စံတော်ချိန်ဒစ်ဂျစ်တယ်ကိုပြောပါတယ်။
လက်ရှိအချိန်မှာ ရေမှာမြင့်တက်လာကာ အိမ်ထဲထိဝင်ရောက်လာတာကြောင့် နေအိမ်မှာ လင့်စင်ထိုးပြီးနေနေရသလို ငုတ်တုတ်အိပ်ရတဲ့သူတွေရှိနေတယ်လို့ သိရပါတယ်။
"ကိုယ့်အိမ်ထဲ ကိုယ်ဘာသာ လေ့စင်ထိုး နေကြတာပေါ့။ ကျောခင်းရအောင်တော့၊ နေစရာမှ မရှိတာလေ၊ အချို့လည်း ငုပ်တုတ်အိပ်ကြတာပေါ့၊ ထမင်းဗူးပဲလိုတာ ချက်စားလို့ မရတဲ့သူတွေမို့'' လို့ကိုဖြိုးကပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေတာကြောင့် ရန်ကုန်အပါအဝင် ပြည်နယ်နဲ့တိုင်းများမှာ မိုးကြီးနိုင်မယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။
သတင်း- ထက်ပိုင်
ဓာတ်ပုံ - Ko Phyo
ပုံစာ - အရှေ့ဒဂုံရှိ ရပ်ကွက်အချို့ရေနစ်မြုပ်နေစဉ် ပရဟိတအသင်းမှ ထမင်းဘူးများဝေငှစဉ်

image
image
image
image
image