" ငွေကြေး ။ ချစ်ခြင်းမေတ္တာ ။ ယုံကြည်မှု နဲ့ သံယောဇဉ် ။
လူတို့ရဲ့ အရောင်ပြောင်းလဲမှုများ ။ ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေဟာ တန်ဖိုးထားတတ်တဲ့သူဆီမှာမှ တန်ဖိုးရှိတဲ့ အရာတွေလေ ။ လူ့အဖွဲ့အစည်းမှာ လူတွေက သူတို့ကိုယ်တိုင် တန်ဖိုးမထားဘဲ လွှတ်ချလိုက်ကြတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား ။ "
( "သူငယ်ချင်း" ဝတ္ထုတိုမှ)
" အခန်းက သိပ်မကျယ်ဘူး ။ ကျဉ်းကျဉ်းလေး ။ အဲကွန်း ဖွင့်ထားတယ် ။ အခန်းထဲမှာက ခရမ်းရောင် မီးမှိန်မှိန်လေး ထွန်းထားတယ် ။ အမွှေးနံ့တချို့ရအောင် ထွန်းထားတဲ့ candleအိုးလေးတွေ ရှိတယ် ။ သူသူကိုယ်ကိုယ် သေသေချာချာ မမြင်နိုင်လောက်သလို မြင်ရင်လည်း ခဏပေါ့ ။ လောကမှာ တစ်ယောက်ကို တစ်ယောက် အမှန်တကယ် မြင်နိုင်တယ်ဆိုတာ သိပ်ကို ရှားပါတယ် ။ "
( "စာအုပ်မိတ်ဆက်ပွဲ" ဝတ္ထုတိုမှ)
" ဘာလို့ သူကကျမှ အသားအရေတွေ လှနေတာ ၊ ဘာလို့ သူ့ကောက်ကြောင်းတွေကမှ စွဲမက်ဖွယ် ဖြစ်နေတာ ၊ ဘာလို့ သူ့ဆံနွယ်ရှည်တွေက နက်မှောင်ဖြောင့်စင်းနေတာ၊ အဆင်းရော အချင်းပါ လှပနေလွန်းတာ ။
ဘာတွေလဲ ။ ကျွန်မက သူ့လို မဖြစ်နိုင်ဘူးလား ။ ကျွန်မဟာ သူ့နေရာကို မရနိုင်ဘူးလား ။ "
( "ကျွန်မ ရှင့်အမျိုးသမီးကို မနှစ်သက်ဘူး" ဝတ္ထုတိုမှ)
"ကိုယ်တော့ မဖြစ်လိုက်သေးဘူး ။ ဘုရား ကယ်လို့"
ဖြစ်လိုက်ရ ၊ ခံစားလိုက်ရတဲ့သူတွေရဲ့အိမ်မှာ ဘုရားက မနေထိုင်ဘူးလား ။ ဘုရားသခင်များက ခွဲခြားဆက်ဆံတတ်ပါသလား ။
( "အဖြူရောင်ဘေးထွက်ဆိုးကျိုးများ" ဝတ္ထုတိုမှ)
လာမယ့် မိုးရာသီဦးကာလမှာ အတွေးတစိမ့်စိမ့်နဲ့ ဖတ်ရှုရမယ့် ဝတ္ထုတို စုစည်းမှုပဲ ဖြစ်ပါတယ် ။
