15 ပတ် - ဘာသာပြန်ပါ။

လယ်တောဟင်း
°°°°°°°°°°°°°°°

တကယ်တော့ဒီဟင်းပွဲလေးကကျွန်တော်တို့အမေပေးတဲ့အမွေပေါ့။အမေငယ်ငယ်ကရွာမှာပျိုးနုတ်၊ပျိုးစိုက်တဲ့အချိန်ကဒီလိုချက်စားကြတယ်ဆိုတဲ့ရာဇဝင်လေးကိုပြန်ပြောင်းပြောရင်းချက်ကျွေးခဲ့တာအခုဆို
ကျွန်တော်တို့အတွက်အဖိုးမဖြတ်နိူင်သော
အမွေတစ်ခုပေါ့။

လယ်ကန်သင်းမှာရှိတဲ့ဆူးပုတ်၊ကင်းပုံ၊ခွေးတောက်၊လယ်ကန်စွန်း၊ခရမ်းသီး၊ရုံးပတီသီး၊ငရုတ်သီးစိမ်းတွေခူး၊အိမ်ကယူသွားတဲ့မျှစ်တိုမျှစ်စနဲ့ရောသမမွှေပြီးချက်တဲ့ဟင်း။
ဆီမပါ၊ထူးထူးဆန်းဆန်းတွေမပါပေမယ့်တစ်ခါတရံလယ်ပုစွန်လုံး၊ငါးသေးသေးလေးတွေတော့ပါတတ်သတဲ့။
မြေအိုးလေးနဲ့ချက်ရင်ပိုပြီးအရသာရှိသတဲ့လေ(ဒါကတော့အမေတို့လက်တွေ့ချက်ခဲ့ကြတဲ့အကြောင်းကိုပြန်ပြောင်းရေးပြတာပါ)

ဒီတစ်ခါတော့ငရုတ်သီးစပ်စပ်လေးစားချင်တာနဲ့ငရုတ်သီးခွဲ ကြမ်းလေးကို ရဲပတမ်းခပ်အောင်ထည့်ထားတယ်။ခရမ်းသီးနဲ့ရုံးပတီသီးလဲ
ချန်ခဲ့ပြီး မျှစ်ချို နုလေးပိုထည့်ထားတယ်။
အဲ့ဒီလိုရရာအရွက်လေးတွေနဲ့ချက်တတ်တဲ့အမေ့ရဲ့ချက်ပြုတ်ပုံနည်းလေးချက်ပြထားတယ်။

ပါဝင်ပစ္စည်းများ
°°°°°°°°°°°°°°

လယ်ကန်စွန်းရွက်
ဆူးပုတ်ရွက်
ကင်းပုံရွက်
ခွေးတောက်ရွက်
မျှစ်
ရုံးပတီသီး
ခရမ်းသီးအသေး
ငရုတ်သီးစိမ်း
ငရုတ်သီးခွဲကြမ်း
လယ်ပုစွန်လုံး(သို့)ငါးသေးသေးလေးများ

မြေအိုးတစ်လုံးမှာရေ လက်တစ်ဆစ်ခန့်နှင့်အတူလယ်ပုစွန်လုံး၊ငါးကလေးများကိုထည့်ပြီးအပူပေးပါ။

ရေစတင်ဆူလာတာနဲ့မိမိစိတ်ကြိုက်လှီးထားတဲ့ခရမ်းသီး၊ရုံးပတီသီး၊မျှစ်နှင့်ငရုတ်သီးစိမ်းတွေကိုထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာသွင်းပါ။

အဖုံးခေတ္တဖုံးထားပေးပါ။

ရေပြန်ဆူပြီဆိုတာနှင့်မီးအရှိန်ကိုမြှင့်တင်ဖို့လောင်စာမီးတောက်လွယ်တဲ့ဝါး၊ထင်းတို့ဖြင့်အားဖြည့်ပါ။(အခုခေတ်ကတော့ဂတ်စ်မီးအရှိန်ကိုမြှင့်တင်လိုက်ရုံပေါ့)

ပွက်ပွက်ဆူပြီဆိုတာနဲ့မိမိစိတ်ကြိုက်ဖဲ့ခြွေထားတဲ့အရွက်အားလုံးကိုထည့်ပြီးအမြန်မွှေပေးပါ။

အစိမ်းရောင်မပြောင်းခင်မှာမီးဖိုပေါ်ကချပြီးပူပူနွေးနွေးသုံးဆောင်ပါ။

စားကောင်းကြပါစီကွယ်

image