15 ပတ် - ဘာသာပြန်ပါ။

ကလောအနည်ကျချိုင့်ဝှမ်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူရန် စီစဉ်
ရန်ကုန်၊ မေ ၂၉
ကုန်းတွင်းအနည်ကျချိုင့်ဝှမ်းတစ်ခုဖြစ်တဲ့ ကလောအနည်ကျချိုင့်ဝှမ်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ တူးဖော်ထုတ်လုပ်ဖို့ ကွင်းဆင်းလေ့လာခြင်းလုပ်ငန်းတွေ စတင်နေပြီလို့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
ယခုကွင်းဆင်းလေ့လာခြင်းဟာ ပဏာမစူးစမ်းလေ့လာခြင်းအဆင့်သာဖြစ်ကာ ဆက်လက်ပြီး အသေးစိတ်ထပ်မံ လေ့လာဆန်းစစ်ခြင်းတွေ ဆောင်ရွက်သွားစေလိုကြောင်း စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။
အရင်က ကုန်းတွင်းရေနံမြေတွေ ရှာဖွေဖော်ထုတ်ရာမှာ အနေအထားဘူမိဗေဒ လေ့လာဖို့ ကောင်းကင်ဓာတ်ပုံတွေကိုသာ အသုံးပြုခဲ့ရတာပါ။
ယခုအခါ တိုးတက်လာတဲ့ Remote Sensing နည်းပညာတွေကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်တာကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရှာဖွေရာမှာ အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်တွေမှာ ကြိုးစားရှာဖွေ တူးဖော်ထုတ်လုပ်လျက်ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံအတွင်း ကုန်းတွင်းအနည်ကျချိုင့်ဝှမ်း ၁၄ ခုရှိပြီး ကလောအနည်ကျချိုင့်ဝှမ်း အပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးတဲ့ အနည်ကျချိုင့်ဝှမ်း ၉ ခုရှိကြောင်း သိရပါတယ်။
ကလောအနည်ကျ ချိုင့်ဝှမ်း ဒေသဟာ ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် PSC-U နဲ့ PSC-V တို့အကြား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့အနီးဝန်းကျင်မှာ တည်ရှိတာ ဖြစ်ပါတယ်။
ကလောအနည်ကျချိုင့်ဝှမ်းမှာ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်တာကို ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ ဘူမိဗေဒပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

image