#end
ကမ္ဘာက အလုံးကြီးမို့လို့ သမုဒ္ဒရာကျောက်ချပ်တခုက တနေရာမှာ အဲဒီလို ဆွဲချတဲ့အခါ တခြားနေရာက ကျောက်ချပ်တွေကလည်း အနည်းနဲ့အများ ဆွဲဆန့်ခံရတယ်။ အဲဒီ့မှာ နဂိုတည်းက ပါးနေတဲ့ ကျောက်ချပ်နေရာတွေဆိုရင် ပြဲထွက်သွားတယ်။ ပေါင်မုန့်ကို ညင်သာစွာ ဆွဲဖြဲတဲ့အခါ ချိုင့်ခွက်ဖြစ်နေတဲ့နေရာလေးတွေက ပေါက်ကုန်သလိုပေါ့။ အဲဒီ့နေရာတွေမှာ အကာသားထဲက ကျောက်ပူက တိုးထွက်တယ်။ ဘာလို့တိုးထွက်လဲဆိုတော့ တခြားတဘက်မှာ သမုဒ္ဒရာကျောက်ချပ်က အောက်ကို တိုးဝင်တယ်ကိုး။ ကမ္ဘာက အလုံးကြီးဆိုတော့ ကျောက်သားတချို့က တနေရာမှာ တိုးဝင်ရင်၊ အာခိမိဒိစ် နိယာမအတိုင်းပဲ တခြားတနေရာက အလေးချိန်တူတဲ့ ကျောက်ပမာဏက တိုးထွက်ရမယ်ကိုး။
အဲဒီ့နေရာတွေက အပူချိန် မြင့်နေသေးပြီး ရုတ်တရက် ဖိအားလျော့သွားတာကြောင့် အကာသား ကျောက်တွေက ချော်ရည်ဖြစ်ကုန်တယ်။ (အဲဒီ့တော့မှ ချော်ရည်ဖြစ်သွားတာပါ။) ချော်ရည်ထဲက လေးတဲ့အရာတွေက အောက်မှာ ကျန်ခဲ့တဲ့အခါ သမုဒ္ဒရာ ကျောက်ချပ် သို့မဟုတ် တိုက်ကျောက်ချပ်အတွက် ကျောက်သား အသစ်တွေ ဖြစ်ပေါ်ပါတယ်။ ရွှံ့ပေါ်မှာ မတ်တပ်ရပ်တဲ့အခါ ခြေချောင်းတွေကြားထဲက ရွှံ့က တိုးထွက်လာသလိုပေါ့။ ရွှံ့က သူ့ဘာသာ တိုးထွက်တာ မဟုတ်ပါ။ ကိုယ်က ရွှံ့ထဲကို သွားနင်းလို့ တိုးထွက်တာ ဖြစ်ပါတယ်။
အဲဒီ့ဖြစ်စဉ်ကို အကြောင်းနဲ့ အကျိုး ပြောင်းပြန်တွေးတဲ့အခါ လစ်သိုစဖီးယားကျောက်ချပ်ကို အလယ်ကနေ ချော်ရည်က ထိုးခွဲလို့ပဲ ကျောက်ချပ်တွေ ကွဲကွာရသယောင် နားလည်လွဲကုန်ရပါတယ်။ ဘူမိကျောက်ချပ်/ပေါင်မုန့်ကို အလယ်ကနေ ထိုးခွဲတာ မဟုတ်ပါ။ ဘေးကနေ ဆွဲချလိုက်လို့ အလယ်က ကွဲပြဲသွားရတာ ဖြစ်ပါတယ်။
တိုးထွက်တဲ့ ကျောက်သားတွေက အတ္တလန်တိတ်သမုဒ္ဒရာ အလယ်က အဏ္ဏဝါကုန်းမြင့်တန်းလို ပထဝီလက္ခဏာတွေ အဖြစ် မြင်ရပါတယ်။ အဲဒီ့ အဏ္ဏဝါကုန်းမြင့်တန်းကလည်း သူ့အလေးချိန်နဲ့ပဲ ဘေးဘက်ကို တွန်းချတာကြောင့် သမုဒ္ဒရာကြမ်းပြင်က ဘေးကို ဖြန့်ထွက်ပါတယ်။ အဲဒီ့ အင်အားကိုတော့ ကုန်းမြင့်တန်း၏ တွန်းချအား (ridge push) လို့ခေါ်တယ်။ ယနေ့ ကမ္ဘာမှာဆိုရင် ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ်လည်က ဆွဲချဇုံတွေကြောင့် အာရှနဲ့ မြောက်အမေရိကက အချင်းချင်း နီးကပ်လာနေတယ်။ ရွှံ့ထဲကို နင်းချလိုက်တဲ့နေရာပေါ့။ အဲဒီ့အချိန် ကမ္ဘာရဲ့ တခြားတဘက်က အတ္တလန်တိတ် နဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာတော့ ကျောက်သားအသစ်က အဏ္ဏဝါကုန်းမြင့်တန်းတွေ အနေနဲ့ ပြန်တိုးထွက်ပြီး ဘေးကို တွန်းချနေတယ်။ အဲဒီလို တွန်းချတာက ပစိဖိတ်ဘက်က ဆွဲချလို့ ဖြစ်လာတဲ့ နေရာလွတ်မှာ အလိုက်သင့် ဖြည့်ဝင်ရုံသာ ဖြစ်လို့၊ ကုန်းမြင့်တန်း၏ တွန်းချအားဟာ ပလိပ်တက်တွန်းနစ် လှုပ်ရှားမှုတွေရဲ့ (၁၀)ရာခိုင်နှုန်းသာလျှင် ဖြစ်တယ်လို့ ကျွန်တော်တို့ သိရပါတယ်။
ပလိပ်တက်တွန်းနစ် ဖြစ်စဉ်အကြောင်းကို ကျွန်တော့်စာမူထဲက "အခန်း (၂) - သက်ဝင်လှုပ်ရှား ပထဝီမြေသား" မှာ ယခုထက်ပိုပြီး ပြည့်စုံစွာ ဖတ်ရှုနိုင်ပါတယ်။
https://kyawzwarlynnpublicatio....ns.wordpress.com/...




