#ဆက်ရန်ရှိ

(၃) အကာသား ဆိုတာ အရည် မဟုတ်ပါ။
-----
ပလိပ်တက်တွန်းနစ် အကြောင်း ဆွေးနွေးတဲ့အခါ အကာသား (mantle) ကို မပြောမဖြစ် ပြောကြရပါတယ်။ အင်္ဂလိပ်လို ရေးသားတာကော၊ မြန်မာလို ပညာပေးရေးသားတာကောမှာ မကြာခဏ မှားတတ်တဲ့ အရာကတော့ အကာသားကို ကျောက်ပူရည်၊ ချော်ရည် အဖြစ် ပုံဖော်တာပါပဲ။ ဘာသာရေးကျမ်းစာတွေနဲ့ နှိုင်းယှဉ်ဖို့ စိတ်ထက်သန်သူများဆိုရင် အဲဒါကို ဖတ်ပြီးရင်၊ ကမ္ဘာမြေထု အောက်မှာ သမုဒ္ဒရာနဲ့ လေထုတွေ အထပ်ထပ် ရှိတယ်ဆိုတဲ့ ဒဏ္ဏာရီလာ စကြဝဠာဗေဒ အယူအဆတွေနဲ့ပါ ပေါင်းစပ်ဖို့ ကြိုးစားကြတဲ့အထိပါပဲ။
ကျွန်တော်ကိုယ်တိုင်လည်း ၂၀၁၉ မတိုင်ခင်ကအထိ အကာသားကို အရည်လို့ ထင်ခဲ့တယ်။ အပေါ်ခွံပေါ်က လစ်သိုစဖီးယား ကျောက်ချပ်တွေက အကာသား ချော်ရည်ပေါ်မှာ ပေါလောမျောနေတယ်လို့ မှတ်ယူဖူးပါတယ်။ အဲဒါ မမှန်ပါဘူး။
ဘူမိဗေဒက ပြောတာက အကာသားမှာ အလွှာနှစ်ခု ရှိတယ်တဲ့။ အပေါ်ပိုင်းက ရှေ့မှာ တွေ့ခဲ့တဲ့ ကျောက်မာအကာသား (လစ်သိုစဖီးယားရဲ့ အကာသား - lithospheric mantle) ပါ။ အကာသားရဲ့ အောက်ပိုင်း (lower mantle) ကလည်း ကျောက်သားပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ကျောက်သားတွေက လှုပ်ရှားတဲ့အခါ အစိုင်အခဲလို ကြွပ်ဆပ်မှု မရှိဘူး။ အစိုင်အခဲလို ပြုမူမယ့်အစား အရည်ကဲ့သို့ ပြုမူတယ်။ အရည်အစစ်တော့ မဟုတ်ဘူးပေါ့။ အစိုင်အခဲလို မပြုမူတာကြောင့် ကြွပ်ဆပ်မှု မရှိဘူး။ လှုပ်ရှားမှုတိုင်းက ဖြည်းဖြည်းမှန်မှန် ဖြစ်ပေါ်တယ်။ စုပြီးမှ တချက်တချက် တုံ့ဆိုင်းဆိုင်း မလှုပ်တာကြောင့် ငလျင်တွေ မဖြစ်ပေါ်ဘူး။ အကာသားရဲ့ အောက်ပိုင်းကို ချော်ရည်လို့ ပြောမယ့်အစား "ပျင်းတွဲတွဲ ကျောက်ပူ" (viscous hot rock) လို့ ခေါ်ရမှာပေါ့။
အဲဒါကို ပိုရှုပ်သွားစေတဲ့ ဝေါဟာရက အက်စသန်နိုစဖီးယား (asthenosphere) အလွှာပါ။ အဲဒါက ကျောက်မာ အကာသားနဲ့ အကာသားအောက်ပိုင်း ကြားက အလွှာကို ရည်ညွှန်းတယ်။ အကာသား အောက်ပိုင်း (lower mantle) က ကျောက်မာ အကာသား (lithospheric mantle) ထက် ပျော့ပျောင်းတယ်။ ဒါပေမယ့် အက်စသန်နိုစဖီးယားက အကာသားအောက်ပိုင်းထက်ကို ပျော့ပျောင်းပါတယ်။ astheno ဆိုတာ အားပျော့ခြင်း လို့ အဓိပ္ပာယ်ရတယ်။ ဘာလို့ အဲဒီ့နေရာက ကျောက်တွေ အပျော့ပျောင်းဆုံး ဖြစ်နေရပါသလဲ။ အဖြေကတော့ မြေဖိအားနဲ့ အပူချိန်ကြောင့်ပါ။ အဲဒီ့မြေအနက်မှာ မြေဖိအားက သိသိသာသာ လျော့သွားတယ်။ ဒါပေမယ့် အပူချိန်က အချိုးကျ လိုက်မလျော့သေးဘူး။ ကျောက်တွေက ဖိအားလျော့ရင်၊ သို့မဟုတ် အပူချိန် မြင့်လာရင် မကြွပ်ဆပ်ဘဲ ပျော့လာတယ်ကိုး။ သူ့အပေါ်က လစ်သိုစဖီးယားမှာကျတော့ ဖိအားက သိပ်မလျော့သေးဘဲနဲ့ အပူချိန်က အများကြီး ထပ်လျော့သွားတော့ ပြန်ကြွပ်ဆပ်သွားတာ ဖြစ်ပါတယ်။ အကာသားအောက်ပိုင်းနဲ့ လစ်သိုစဖီးယားကြားမှာ အဲဒီ့ "ကျောက်ပျော့အကာသား" လွှာ ရှိနေလို့လည်း လစ်သိုစဖီးယား ကျောက်ချပ်တွေက တက်တွန်းနစ်ဖြစ်စဉ်အတိုင်း လွယ်ကူစွာ ရွေ့လျားနိုင်တာ ဖြစ်ပါတယ်။ ဒီမှာ သတိထားရမှာက အက်စသန်နိုစဖီးယားကလည်း ချော်ရည်၊ ကျောက်ပူရည် မဟုတ်ပါ။ ကြွပ်ဆပ်မှုနဲ့ ပျင်းတွဲမှု ဒီဂရီမှာ အကာသား အောက်ပိုင်းထက်တောင် ပျင်းတွဲတဲ့ဘက်ကို ပိုရောက်တဲ့ အစိုင်အခဲသာ ဖြစ်ပါတယ်။
ပြန်အနှစ်ချုပ်ရရင် အကာသားဆိုတာ "အရည်ကဲ့သို့" ပျော့ပျောင်းစွာ စီးဆင်းနိုင်တဲ့ ကျောက်အစိုင်အခဲ အလွှာလို့ ဖော်ပြမှ တိကျမှန်ကန်ပါမယ်။
(၄) ပလိပ်တက်တွန်းနစ်ကို အောက်က အပူချိန်တခုတည်းက မောင်းနှင်တာ မဟုတ်ပါ
-----
ပလိပ်တက်တွန်းနစ်ကို ဆွေးနွေးတဲ့အခါ ကွဲထွက်နယ်နမိတ်တွေကို ဖော်ပြလေ့ရှိတယ်။ အကာသားထဲက ကျောက်ပူစီးကြောင်းတွေက လစ်သိုစဖီးယား ကျောက်ချပ်တွေရဲ့ အောက် (ပလိပ်ချပ် မဟုတ်ဘူးနော်၊ ပလိပ်ချပ်ဆိုတာ ရွေ့လျားမှုကို ဖော်ပြတဲ့ ပညတ်ချက်သာ ဖြစ်တယ်) ကို ထိုးခွဲတဲ့အခါ ပြတ်ရွေ့ချိုင့်ဝှမ်းတွေ၊ အဏ္ဏဝါ ကုန်းမြင့်တန်းတွေ ဖြစ်ပေါ်တယ်လို့ ရေးသားလေ့ရှိတယ်။
အဲဒါ အယူအဆဟောင်းပါ။ နေပြောက်တွေက ငလျင် ဖြစ်နိုင်တယ်ဆိုတာ ယုတ္တိမရှိဘူး မဆိုထားနဲ့၊ ဘူမိသုတေသီတွေကတော့ အကာသားထဲက ကျောက်ပူစီးကြောင်းတွေကတောင် ဘူမိကျောက်ချပ်တွေကို ရွေ့လျားစေဖို့ အင်အားမရှိဘူးလို့ ဆိုပါတယ်။ ဒါဖြင့်ရင် ဘူမိကျောက်ချပ်တွေ ကို ဘယ်အင်အားက ရွေ့လျားစေတာပါလဲ။
ယနေ့ခေတ် ဘူမိဗေဒက ပလိပ်တက်တွန်းနစ်ဖြစ်စဉ်ဟာ ကမ္ဘာ့အတွင်းက အပူချိန်နဲ့ မြေဆွဲအားကနေ ပေါင်းစပ် မောင်းနှင်တဲ့ ဖြစ်စဉ်လို့ ဆိုပါတယ်။ သမုဒ္ဒရာကျောက်ချပ်က သိပ်သည်းပြီး လေးတယ် မဟုတ်လား။ သူက ပူပူနွေးနွေး ဖြစ်တည်ခါစမှာ ဆိုရင် ချက်ချင်း မမြုပ်ဆင်းသေးဘူး။ ပူတော့ ပွနေသေးတယ်ကိုး။ ဥပမာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း တလျှောက်က အတ္တလန်တိတ် သမုဒ္ဒရာကြမ်းပြင်နဲ့ မြောက်အမေရိကတိုက် ထိတဲ့နေရာမှာ သမုဒ္ဒရာကြမ်းပြင်က အောက်ကိုမှ လျှိုမဆင်းတာပဲ။ ဒါပေမယ့် နှစ်သန်း ဒါဇင်အနည်းငယ် ကြာပြီးတဲ့အခါမှာ သမုဒ္ဒရာကျောက်ချပ် အေးသွားရင်တော့ စတင် မြုပ်ဆင်းပါတော့တယ်။
သမုဒ္ဒရာကျောက်ချပ် မြုပ်ဆင်းတာဟာ တိုက်ကုန်းမြေက သူ့အပေါ်က တက်စီးလို့ မဟုတ်ပါ။ သူကိုယ်၌က လေးလာလို့ လိုလိုလားလားပဲ တိုက်ကုန်းမြေအောက်ကို လျှိုဝင်သွားတာ ဖြစ်ပါတယ်။ အဲဒီလို လျှိုဝင်ရာကနေ နောက်မှ ကျန်ခဲ့တဲ့ သမုဒ္ဒရာကျောက်ချပ်တခုလုံးကို ဆွဲချတယ်။ စောင်တထည်ကို ကြိုးတန်းမှာ လှန်းတဲ့အခါ တဘက်က ပိုလေး၊ ပိုရှည်နေရင် စောင်တခုလုံးကို ဆွဲချတယ်မို့လား။ သမုဒ္ဒရာကျောက်ချပ် လျှိုဝင်ခြင်း (subduction) ဖြစ်စဉ်က အဲဒီ့အတိုင်းဖြစ်တာပါ။ အဲဒီ့ဖြစ်စဉ်ကို ကျောက်ချပ်၏ ဆွဲချအား (slab pull) လို့ ခေါ်ပါတယ်။ ပလိပ်တက်တွန်းနစ် ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့ ဘူမိအင်အားတွေရဲ့ (၉၀)ရာခိုင်နှုန်းက slab pull ကြောင့်လို့ သက်သေပြထားပါတယ်။

image
image
image
image
image