5 ပတ် - ဘာသာပြန်ပါ။

#ဆက်ရန်ရှိ

ပလိပ်တက်တွန်းနစ် သီအိုရီနဲ့ ပတ်သက်တဲ့ နားလည်လွဲမှု (၄)ခု
-----
~ Kyaw Zwar Lynn
ကျွန်တော်တို့က ပလိပ်တက်တွန်းနစ် သီအိုရီအကြောင်းကို လေ့လာတဲ့အခါ နားလည်လွဲမှုလေးတွေ ရှိပါတယ်။ ဘူမိဗေဒကို စနစ်တကျ သင်ယူထားရင်တော့ ကိစ္စမရှိပေမယ့် အပြင်ကနေ လေ့လာတဲ့ကျွန်တော်တို့လို သိပ္ပံဝါသနာရှင်တွေအတွက်တော့ အဲဒါတွေကို နှစ်အတန်ကြာမှ တဖြည်းဖြည်း သဘောပေါက်လာတာပါ။ အဲဒီ့ထဲက အတွေ့ရအများဆုံးနဲ့ အရေးအကြီးဆုံး နားလည်လွဲမှု လေးခုကို ဝေမျှပေးချင်ပါတယ်။
(၁) အပေါ်ခွံနဲ့ နဲ့ လစ်သိုစဖီးယား မတူပါ"
-----
ကမ္ဘာရဲ့ အပေါ်ခွံ နဲ့ လစ်သိုစဖီးယား က တူမလိုလိုနဲ့ မတူပါဘူး။
လစ်သိုစဖီးယား (lithosphere) ဆိုတဲ့ ဝေါဟာရမှာ lithos- က ကျောက်လို့ အဓိပ္ပာယ်ရပါတယ်။ -sphere ကတော့ စက်ဝန်း/အလွှာလို့ အနက်ဆောင်တယ်။ ဒါကြောင့် လစ်သိုစဖီးယားဆိုတာဟာ ကမ္ဘာရဲ့ အပေါ်ဆုံးပိုင်းက ကျောက်သား အစိုင်အခဲ အလွှာကို ရည်ညွှန်းတဲ့ ဘူမိဗေဒ အသုံးအနှုန်း ဖြစ်ပါတယ်။
အဲဒါ ကမ္ဘာ့အပေါ်ခွံ (crust) ကိုပဲ ပြောတာ မဟုတ်ဘူးလား။ မဟုတ်ပါဘူး။ အပေါ်ခွံရဲ့ အောက်မှာ အကာသား (mantle) အလွှာ ရှိတယ် မဟုတ်လား။ အကာသားရဲ့ အပေါ်ပိုင်း ကီလိုမီတာ ၁၀၀-၂၀၀ ခန့်က အပေါ်ခွံနည်းတူ ကြွပ်ဆပ်တဲ့ ကျောက်အမာနဲ့ ပြုလုပ်ထားပါတယ်။ ဒါကြောင့် အဲဒီ့ အကာသားရဲ့ အပေါ်ပိုင်းကို ကျောက်မာ အကာသား (lithospheric mantle) လို့ ခေါ်တယ်။ အပေါ်ခွံနဲ့ ကျောက်မာအကာသား နှစ်ခုပေါင်းကိုကျမှသာ လစ်သိုစဖီးယားလို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။ မြေငလျင်တွေက ဒီကျောက်အလွှာရဲ့ အဲဒီ့လို ကြွပ်ဆပ်တဲ့ သဘာဝပဲ လစ်သိုစဖီးယား ထဲမှာ လှုပ်ခတ်တာ ဖြစ်ပါတယ်။
ဒါဖြင့်ရင်၊ ကျောက်အမာချင်း တူရဲ့သားနဲ့ အပေါ်ခွံ နဲ့ ကျောက်မာ အကာသား ဆိုပြီး အလွှာ နှစ်ခု ဖြစ်နေပါသလဲ။ အဖြေကတော့... သူတို့မှာ ပါဝင်ဖွဲ့စည်းတဲ့ တွင်းထွက်သဘာဝ မတူလို့ပါ။ အကာသားရဲ့ တွင်းထွက်တွေက မက်ဂနီစီယမ် နဲ့ သံ ပါဝင်နှုန်း လွန်စွာ မြင့်မားတယ်။ ဒါကြောင့် သူတို့ကို ဩထရာ မက်ဖစ် (ultramafic) တွင်းထွက်လို့ ခေါ်တယ်။ အဲဒီ့နာမည်ထဲက "ma" ဆိုတာ မက်ဂနီစီယမ်၊ "fic" ကတော့ ferrous = သံ ကို ရည်ညွှန်းတာပါ။
အဲဒီလို လေးတဲ့ပစ္စည်းတွေ ပိုများပြီး သိပ်သည်းတာကြောင့် အကာသားထဲကို ဖြတ်တဲ့ ငလျင်လှိုင်းတွေက ကျောက်အမာချင်းတူတာတောင်မှ အပေါ်ခွံမှာထက် ပိုမြန်ပါတယ်။ အဲဒါကြောင့် ငလျင်လှုပ်တဲ့အခါ အကာသားကို ဖြတ်တဲ့ လှိုင်းတချို့က ငလျင်ဌာနတွေကို ကြိုရောက်နှင့်တယ်။ အဲဒီ့ ကြိုရောက်နှင့်တဲ့ ငလျင်လှိုင်းတွေကို ချိတ်ဆက်လေ့လာတဲ့အခါမှာ ကျောက်မာအလွှာမှာ ပေါ့တဲ့ အပေါ်ခွံနဲ့ လေးတဲ့ ကျောက်မာအကာသား ရှိတယ်လို့ တွေ့သွားတာပါ။ အဲဒါကို အန်ဒရီယာ မိုဟိုရော့ဗစ်ချီ (Andrija Mohorovičić) ဆိုသူက ၁၉၀၉ခုနှစ်မှာ တွေ့ခဲ့တာဖြစ်လို့ အပေါ်ခွံနဲ့ ကျောက်မာ အကာသား ထိစပ်ရာ မြေအနက်ကို မိုဟိုလွှာဆက်ပြတ် (Moho discontinuity) လို့လည်း ​ခေါ်ပါတယ်။ အပေါ်ခွံက သမုဒ္ဒရာအောက်မှာဆို ပါးတယ်။ တိုက်ကုန်းမြေအောက်မှာဆို ထူတယ် ဒါကြောင့် မိုဟို ကလည်း ရေပြင်ညီတော့ မဟုတ်ဘူး။ မြေမျက်နှာသွင်ပြင်အလိုက် တိမ်လိုက်နက်လိုက် ရှိနေပါတယ်။

image