4 ပတ် - ဘာသာပြန်ပါ။

မုန်လာဥဖြူသုပ်
#စာနည်းနည်းရှည်ပါမယ်။
နယူတန်ရဲ့ဆွဲငင်ခြင်းနိယာမအရေးကြီးသလိုဆယ်စက္ကန့်အတွင်းဖြစ်ပေါ်လာတဲ့ကျွန်တော်တို့ရဲ့အရသာခံစွမ်းအင်ကလဲအရေးပါ ပါတယ်။
ပထမဦးဆုံးမုန်လာဥဖြူသုပ်စတင်စားဖူးတာကတော့ကျွန်တော်တို့မြို့(မိုးကုတ်မြို့)ရဲ့ရပ်ကွက်တခု ဝါ အုပ်စုအဖွဲ့တခုဖြစ်တဲ့ပန်းသေးတန်းဆိုတဲ့ရပ်ကွက်မှာ ဒံပေါက်ထမင်းချက်တဲ့အခါတွဲဖက်အချဥ်အဖြစ်စားလေ့ရှိကြပါတယ်။ ဒံပေါက်ကိုကြက်သားနှင့်ချက်သည်ဖြစ်စေ၊အမဲသားနှင့်ချက်သည်ဖြစ်စေ ဒီမုန်လာဥသုပ်က မပါမဖြစ်ပါသလို တခြားဟင်းပွဲများနှင့်လဲတွဲဖက်လေ့ရှိကြပါတယ်။
ထိုအချိန်စစားဖူးကတည်းကဒီအသုပ်ထဲမှာဘာတွေပါတယ်၊ စားရတဲ့အရသာကဘယ်လို၊ ခံတွင်းထဲမှာ ဘယ်အရာနဲ့ဘယ်အရာပေါင်းစပ်မှုကဘယ်လိုဆိုတာကောင်းကောင်းကြီးမှတ်မိနေပါတယ်။ ထိုငယ်စဥ်အချိန်က မသုပ်တတ်သေးသလို ကျွန်တော်ကအစားအသောက်ဖန်တီးတဲ့ဝါသနာရှင်ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ထမနှဲစားရင် မြေပဲဆံဖယ်စားလေ့ရှိတဲ့ကျွန်တော်က ဒီမုန်လာဥသုပ်ထဲကမြေပဲနဲ့
မုန်လာဥမျှင်လေးတွေရဲ့ကြွပ်ရွမှုဟာဝါးနေစဥ်တပြိုင်နက်တည်းပေါင်းစပ်ပျော်ဝင်သွားတဲ့
ဖြစ်စဥ်ကိုအနှစ်သက်ဆုံးပါပဲ။
ဒါကြောင့်ဒီဟင်းပွဲဖန်တီးဖို့စီစဥ်တဲ့အခါ မုန်လာဥကိုဘယ်လိုခြစ်ထားလဲ၊ သူနဲ့အတူတပြိုင်တည်းပြိုကွဲသွားရမယ့်မြေပဲလှော်ကိုဘယ်အနေအထားထောင်းမလဲဆိုတာကဒီအသုပ်ရဲ့အရေးပါမှုပါပဲ။ ကျွန်တော်ကမုန်လာဥဖြူကို ယိုးဒယားသင်္ဘောသီးထောင်းအရွယ်လောက်ခြစ်မယ်ဆိုရင်စာဖတ်သူကမြေပဲကိုဘယ်လောက်ညှက်အောင်ထောင်းမယ်လို့စဥ်းစားနေလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။
မုန်လာဥကဝါးလို့ညှက်နေပြီ မြေပဲကအခုမှကိုက်ဝါးနေရတုန်းဆိုရင်တော့မဟုတ်သေးပါဘူး 😁
အခုနောက်ပိုင်းကျွန်တော်ကဟင်းပွဲတခုဖန်တီးတဲ့အခါတိုင်း ရက်စီပီအပြည့်အစုံချမပေးတော့ပါဘူး၊စာဖတ်သူကို တွေးရမယ့်အတွေးတစလေး ဖွင့်ဟပေးထားရတာကို ပိုနှစ်သက်လာပါတယ်( ဝါ) ရက်စီပီအပြည့်အစုံချပြရင်လုံးစုံခိုးချတာကြောင့်လဲပါ ပါတယ်။ ဒါကြောင့် ကျွန်တော့်ချက်နည်းအာဘော်ကိုဘယ်လောက်ထိစိတ်ဝင်တစားရှိပြီးဘယ်လောက်အားတက်သရောလိုက်ချက်ကြည့်ကြသလဲဆိုတာလေးကိုလဲ ကျွန်တော်ကစိတ်ဝင်တစားစောင့်ကြည့်လေ့ရှိပါတယ်။
အသုပ်တို့ရဲ့ထုံးစံအတိုင်းသုပ်ရတာအင်မတန်မြန်ပါတယ်။ အဓိကဖြစ်တဲ့ ကြက်သွန်ဖြူ+နှမ်းဆီချက်၊မြေပဲထောင်း၊ပုစွန်ခြောက်မှုန့်ကောင်းကောင်းလေး၊နှမ်းမဲလေးတွေလဲလှော်ပြီးအအေးခံထားရပါမယ်။
မုန်လာဥကို ခြစ်တံအလတ် နှင့် ယိုးဒယားသင်္ဘောသီးထောင်းအမျှင်များကဲ့သို့ရအောင်ခြစ်ပါ။ ဆားအနည်းငယ်ထည့်ပြီးသမအောင်မွှေထားလိုက်ပါ။ငရုတ်သီးစိမ်း၊နံနံပင်ပါးပါးလှီးထားပါ။
မုန်လာဥအနံ့ပြင်းပြင်းနဲ့အခိုးတွေထွက်သွားအောင်လက်နှင့်ဖိနယ်ပြီး ရေသုံးထပ်လောက်ဆေး၊ရေစစ်ထားပါ။သုပ်တော့မယ်ဆိုရင်ရေကိုစင်နေအောင်ညှစ်ပေးပါ။
သုပ်မယ့်ဇလုံထဲမှာ မုန်လာဥထည့် ၊ နှမ်းမဲလှော်၊ပုစွန်ခြောက်မှုန့်၊ နှမ်း+ကြက်သွန်ဖြူဆီချက်၊အရသာမှုန့်၊ငရုတ်သီးစိမ်း၊နံနံပင်၊နှမ်းဆီပါရုံ၊ သံပုရာရည်ညှစ်ပြီးခပ်ဖွဖွလေးနယ်ပေးပါ။
ဆားနှင့်နယ်ပြီးဆေးထားတဲ့အတွက်အငံဓာတ်ကျန်နေတာမို့ ဆားကိုလိုအပ်မှထည့်ဖြည့်ပေးပါ။
အသုပ်ကခပ်မွမွလေးဖြစ်နေရပါမယ်။ ဥပမာအနေနဲ့​မြင်အောင်ပြောရရင်သကြားမုန့်ဖက်ထုပ်ထဲဌပနာထည့်မယ့် အုန်းသီးအစာ လိုလေးဖြစ်နေရပါမယ်။ သံပုရာရည်နဲ့ဆီချက်ကြောင့်အရည်ဖြူလေးထွက်ရုံလောက်လေးပါ။အရည်တွေထွက်တာများနေရင်၊အသုပ်ကပုံ့အိအိနဲ့ပျော့နေပြီ၊ထိုင်နေပြီဆိုရင်တော့ ပါဝင်ပစ္စည်းမမှားပဲချက်ပြုတ်နည်းလမ်းမှာလိုအပ်ချက်ရှိနေပြီလို့သိထားရပါမယ်။
ဒီမုန်လာဥသုပ်စားပေးခြင်းကကျန်းမာရေးအတွက်အလွန်အကျိုးပြုပါတယ်။ အစာခြေလမ်းကြောင်းရှင်းလင်းပေးခြင်း၊အူမကြီးကင်ဆာ၊ကျောက်တည်နိုင်မှုတို့ကိုချေဖျက်နိုင်စွမ်းရှိတာမို့မကြာခဏစားသုံးပေးသင့်ပါတယ်။

image