5 w - Translate

လမင်းရဲ့ချိုသာတဲ့ လက်ခုပ်သံ - ညီပုလေး
မိုးလေးအေးအေးမှာ အိမ်မှာဇိမ်ခံချင်တဲ့သူတွေအတွက် စာအုပ်ကောင်းတစ်အုပ်လောက် ညွှန်းပေးချင်လို့ပါ။
ဆရာပါပီယွန်က ဒီစာအုပ်ကို ဖတ်ပြီး ရူးသွပ်ခဲ့တယ်တဲ့။ ကိုယ်တိုင်လည်း ဆရာပါပီယွန်ကြောင့် ဒီစာအုပ်ကို ဖတ်ဖူးတာပါပဲ။ ဒီစာအုပ်ဖတ်ပြီးတဲ့ အချိန်တိုင်း ‘ခွန်အားဖြည့်မိငယ်’ တို့ ‘ရိုးရိုးလေးသာဝတ်ခဲ့ပါ’တို့ ‘ကြိုးကြာသံ’ တို့ကို နားထောင်မိနေတုန်း။ နားအရသာမခံတတ်ပဲနဲ့လည်း ဂန္တဝင်သီချင်းတွေကို နားထောင်လိုက်သေး။ ဇွန်မိုးကို အားကျပြီး သူနဲ့ ကိုယ့်ကိုယ်နှိုင်းယှဉ်ရင်း ငါဆယ်ကျော်သက်အရွယ်ကရော ဘာတွေလုပ်ခဲ့ပါလိမ့်၊ ယခုရော ဘာတွေများရူးရူးသွပ်သွပ် လုပ်ခဲ့ဖူးပါလိမ့်လို့ တွေးရင်း......
‌ဇွန်မိုးကို အားကျရတာကတော့ ဘာပဲလုပ်လုပ် ရူးရူးသွပ်သွပ်လုပ်တာပဲ။ ဘောလုံးကန်တယ်။ ကန်တာမှ ကျောင်းလစ်ပြီး ရှိသမျှဘောလုံးကွင်း အကုန်ပတ်ကန်နေတာ။ နောက် ပန်းချီဆွဲတယ်။ သူ့အဖေနဲ့သာ အဆင်ပြေပြေဖြစ်နေခဲ့ရင် ဘောလုံးတို့၊ ပန်းချီးတို့ကို သူ အတိုင်းတာတစ်ခုထိ ရောက်နိုင်မယ်ဆိုတာ သေချာသလောက်ပဲ။ ‌အကြောင်းအမျိုးမျိုးကြောင့် ဘောလုံးတို့၊ ပန်းချီတို့ကို သူဆက်မကြိုးစားပေမယ့် သူ့အဖေ နားမလည်ဘူးထင်တဲ့ သူ့အဖေဝင်ပြီးဆရာမလုပ်တဲ့ ဂီတာကို ရူးရူးမူးမူး တီးတော့တာပဲ။
တီးတားမှ တစ်ရက်ကို ၆ နာရီတီးတာ။ ဆယ်တန်းနောက်ဆုံးစာမေးပွဲ ဖြေရမှာ မေ့နေတဲ့အထိ ဂီတာကိုရူးရူးမူးမူးတီးတာ။ နိုင်ငံရဲ့ အကောင်းဆုံး တီးဝိုင်းတစ်ခုကနေ လိုလိုချင်ချင် ခေါ်ယူခံရတဲ့ အထိလည်းကျွမ်းကျင်ခဲ့တယ်...
နောက်အံ့ဩဖို့ကောင်းတာက စာရေးဆရာရဲ့အရေးသားပဲ။ ကိုယ်တိုင် လေတောင်ဖြောင့်အောင်မချွန်တတ်ဘူးဆိုပြီး ဇွန်မိုးနေရာကနေဘယ်လိုတောင် ခံစားပြီးရေးပြတတ်ရတာလဲ၊ ဂီတာတီးခတ်တဲ့ပုံစံ၊ လက်လှုပ်ရှားပုံတွေကို ဘယ်လိုတောင် မျက်လုံးထဲပေါ်အောင် ရေးနိုင်ရတာလဲ။ ဒါမှမဟုတ် ဇွန်မိုးက အခြားသူရဲ့ နှလုံးသားထဲအထိ စိမ့်ဝင်အောင် ပြောပြတတ်ခဲ့တာလား။
စာအုပ်ထက် ပိုဝမ်းနည်းဖို့ကောင်းတာက အမှာစာမှာပဲ။ ဟိုးအရင်ကတည်းက ကျောင်းသားတွေ၊ စာရေးဆရာတွေကို ..... အထည့်ခံရတယ်၊ ယခုလည်း.... ။ ဘာကြောင့်ထောင်ကျခဲ့မှန်း မသိတဲ့
ဇွန်မိုးနဲ့ စာရေးဆရာညီပုလေးတို့ ထောင်ထဲမှာ တွေ့ဆုံခဲ့တာကနေ ဒီစာအုပ်ကို ရေးဖြစ်ခဲ့တာတဲ့။
စာအုပ်ထွက်တဲ့အချိန်မှာတော့ ဇွန်မိုးက လူ့ဘဝမှာ မရှိတော့ဘူးတဲ့.....သူဖြစ်ချင်ခဲ့တဲ့ ရုပ်ထုလူသားကြီး မဖြစ်ခဲ့ပေမယ့် လူဖြစ်ရတာတော့ တကယ်တန်ခဲ့ပါတယ်။
စာအုပ်ဖတ်ပြီးရင်တော့ ဂီတာတီးတတ်တဲ့သူက ဂီတာကောက်တီးမိမှာ သေချာပြီး ကျနော်လို မတီးတတ်တဲ့သူဆိုရင်လည်း တစ်ချိန်ချိန်တော့ ဂီတာတီးသင်အုံးမှလို့ တွေးမိမှာ မသေချာပါပဲ။ ဟီး.... စာအုပ်ထက် အညွှန်းက ပိုရှည်သွားပြီးထင်တယ်။နောက်ဆုံးအနေနဲ့ ကိုယ်တိုင်ခံစားကြည့်ရင်း သာယာအေးချမ်းတဲ့ နေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ🤍။

image