5 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼မဟာအောင်မြေ၌ ငလျင်ဒဏ်သင့်လေးထပ် အဆောက်အဦပြိုကျ
ငလျင်လှုပ်ခတ်မှုနှစ်လပြည့်သည့် ယနေ့(မေ ၂၈ ရက်) နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့်လေးထပ်အဆောက်အဦပြိုကျခဲ့ကြောင်း သီရိမာလာ(အရှေ့) အရန် မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါအဆောက်အဦမှာ မဟာအောင်မြေမြို့နယ် ၈၄ လမ်း၊ ၃၉ လမ်း x ၄၀ လမ်းကြားရှိ လေးထပ်အဆောက်အဦဖြစ်ပြီး ငလျင်ဒဏ်ကြောင့်ပြိုကျထားရာမှထပ်မံပြိုကျကာ အမျိုးသားတစ်ဦးခြေထောက်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်က မိုးသည်းထန်စွာရွာသွန်းပြီးချိန်တွင် ငလျင်ဒဏ်သင့်ဒေသများ၌ မြေပျော့ခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ သတိပြုနေထိုင်သင့်ကြောင်း စံတော်ချိန်ဒစ်ဂျစ်တယ်နှင့်အင်တာဗျူးတွင်‌ အသိပေးနှိုးဆော်ထားသည်။
"ငလျင်ဒဏ်သင့်ဒေသတွေက သတိထားသင့်တယ်။ အဓိကမြေပျော့တာ။ မြေကျွံတာတွေဖြစ်တတ်တာကိုသတိထားရမယ်။ ကျွန်တော်တို့ ခြေထောက်အောက်မှာရှိနေတဲ့ မြေကြီးရဲ့လုံခြုံစိတ်ချရမှုက ငလျင်ဒဏ်ထိထားတဲ့ဒေသတွေမှာ မြေလွှာတွေဘယ်လောက်ပျက်တယ်ဆိုတာ အဲဒါလေးသတိထားဖို့လိုပါတယ်" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်မတ် ၂၈ ရက်တွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိမြေငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်စုစုပေါင်း (၁၈၃) ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်သင့်တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် ယမန်နေ့(မေ ၂၇ ရက်) အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၈ ဦးရှိကြောင်း နစက ကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - East Thirimarlar Volunteer Fire Brigade

image