5 ပတ် - ဘာသာပြန်ပါ။

“အာတိတ်” ပင်ဂွင်းများ
-----
~ Kyaw Zwar Lynn | May 2021
ငယ်ငယ်တုန်းက ပင်ဂွင်းတွေအကြောင်း သိပ်မသိခင်က ပင်ဂွင်းဆိုတာ ဝင်ရိုးစွန်းနှစ်ခုလုံးမှာ နေမှာပဲလို့ တွေးခဲ့ဖူးတယ်။ သူတို့က အန္တာတိက တောင်ဝင်ရိုးစွန်းမှာပဲ နေတယ်ဆိုတာကို နောက်မှ သိတာ။ တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းကို သွားချင်ရင် အပူပိုင်းဇုံကို ဖြတ်ရမှာကိုး။ သူတို့ရဲ့ အပူဓာတ် ထိန်းသိမ်းတဲ့ အမွေးတွေ၊ အဆီလွှာတွေနဲ့ဆို အပူပိုင်းဇုံကို ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းကို ပင်ဂွင်းတွေ ရောက်မလာတာပေါ့။
အဲဒီ့အပြင် မြောက်ဝင်ရိုးစွန်းကို ပင်ဂွင်းတွေ ‌ရောက်ခဲ့ရင်တောင် ရှင်သန်ဖို့ မလွယ်ဘူး။ ဝင်ရိုးစွန်းဝက်ဝံဖြူတွေ၊ အော်ကာဝေလငါးတွေ ရှိတာကိုး။ တောင်ဝင်ရိုးစွန်းရဲ့ ကုန်းပေါ်မှတော့ာ ပင်ဂွင်းကို အန္တရာယ်ပေးမယ့် သားရဲအကြီးစား မရှိဘူး။ ဒီ့အပြင် ပင်ဂွင်းဟာ ဥဥဖို့ ရေခဲမဖုံးတဲ့ မြေနေရာတွေ လိုတယ်။ မြောက်ဝင်ရိုးစွန်းက ကုန်းပတ်ပတ်လည် ဝိုင်းနေတဲ့ ရေခဲပြင်ကြီးလေ။ တောင်ဝင်ရိုးစွန်းကျတော့ ပင်လယ် ပတ်ပတ်လည် ဝိုင်းနေတဲ့ ရေခဲဖုံးကုန်းမြေကြီးကိုး။
ဒီတော့ ပင်ဂွင်းရဲ့ ဂေဟကဏ္ဍ (ecological niche) မျိုး – တစ်နည်းအားဖြင့် “ရေခဲပေါ်မှာ နေတဲ့ မပျံသန်းနိုင်သော ရေငှက်” ကို အာတိတ်မှာ မရှိဘူးလားလို့ မေးစရာ ရှိတယ်။ ရှေ့က အချက်တွေကို ထောက်ရှုရင် ပင်ဂွင်းလို ငှက်မျိုး အာတိတ်မှာ မရှိနိုင်ဘူးလို့ ပြောရမှာပဲ။ ဒါပေမယ့် အဲဒါ မမှန်ပါဘူးတဲ့။
များမကြာသေးခင်ကအထိ အာတိတ်မှာ ပင်ဂွင်းကဲ့သို့ မပျံသန်းနိုင်တဲ့ ရေငှက် တစ်မျိုး ရှိခဲ့ဖူးတယ်။ ဒီ့အပြင် အဲဒီ့ငှက်က ပင်ဂွင်းနဲ့တောင် အပေါ်ယံ ဆင်တူပါတယ်။ ပြောရရင် ပေါင်းစည်းဆင့်ကဲဖြစ်စဉ် (convergence) သဘောပေါ့။ (ပတ်ဝန်းကျင် ဆင်တူတဲ့ နေရာတွေမှာ သက်ရှိတွေရဲ့ ဆင့်ကဲဖြစ်စဉ် လမ်းကြောင်းတွေ ဆင်တူတာ) အဲဒီ့ ငှက်ကို ဂရိတ်အော့ခ် (great auk) လို့ခေါ်ပါတယ်။ အဲဒီ့ စိတ်ဝင်စားစရာ ငှက်အကြောင်းကို Elizabeth Kolbert ရေးတဲ့ The Sixth Extinction (၂၀၁၄) စာအုပ်ကို အရင်လတုန်းက ဖတ်နေရင်းနဲ့ တွေ့သွားတာပါ။
ဂရိတ်အော့ခ် ရှိသလို၊ လစ်တဲအော့ခ် (little auk) လည်း ရှိတယ်။ အယ်လ်ဆစ် (alcid) လို့လည်းခေါ်တဲ့ အော့ခ် ငှက်မျိုးနွယ်ထဲမှာ ဂီလီမော့ (guillemot)၊ မူရာ (murre) အပြင် ပတ်ဖင် (puffin) ငှက်တွေ ပါတယ်။ သူတို့က ကမ္ဘာ့အနောက်မြောက်ခြမ်းမှာပဲ ရှိတာမို့ ဗမာနာမည်မရှိဘူး။ ပြီးတော့ အပူပိုင်းဇုံမှာလည်း မနေနိုင်ဘူး။ သူတို့က ငါးဖမ်းတဲ့အခါ ရေငုပ်ပြီး နောက်က လိုက်ဖမ်းတာ။ ငါးက ပင်လယ်ရေနွေးလေ ပိုဖျတ်လတ်လေမို့၊ ရေအေးပင်လယ်တွေမှာပဲ သူတို့ အမဲလိုက်နိုင်တယ်။ (ယခုလို သမုဒ္ဒရာပူနွေးခြင်းက သူတို့ကို ဒုက္ခပေးလိမ့်မယ်။)
ဂရိတ်အော့ခ်တွေက အခုမရှိတော့ပါဘူး။ ၁၉ရာစုအလယ်ပိုင်းတည်းက မျိုးသုဉ်းသွားတာပါ။ ဒီငှက်တွေက မြောက်အတ္တလန်တိတ်ထဲက ကျွန်းလေးတွေ၊ ကျောက်ဆောင်လေးတွေပေါ်မှာ အသိုက်ဆောက်ပြီးနေကြတယ်။ သူတို့က လူနဲ့ မရင်းနှီးဘူး။ လူမကြောက်ဘူး။ ဖမ်းရ လွယ်တယ်။ မြောက်အမေရိကမှာဆိုရင် သူတို့ကို ငှက်မွေးခေါင်းအုံးလုပ်ဖို့ရယ်၊ ငါးဖမ်းသင်္ဘောတွေမှာ ဥနဲ့ အသားရိက္ခာ ဖြည့်ဖို့ရယ်နဲ့ အုံလိုက်ကျင်းလိုက် သတ်ပစ်ကြတယ်။ ဒီလိုနဲ့ ဂရိတ်အော့ခ်တွေ ရှားလာတယ်။ ရှားလေ၊ ဈေးကောင်းလေ၊ သဘာဝသမိုင်းပြတိုက်တွေက အလုအယက် ဝယ်လေပေါ့။ ၁၈၄၄ ခုနှစ်မှာ နောက်ဆုံး ဂရိတ်အော့ခ်စုံတွဲဟာ အိုက်စလန်ကျွန်းနားက အယ်လဒေ (Island of Eldey) လို့ခေါ်တဲ့ ကျောက်အငူကျွန်းလေးတစ်ခုပေါ်က သူတို့အသိုက်ထဲမှာပဲ လည်ပင်းညှစ် အသတ်ခံရပါတယ်။ သူတို့ ဥကလေးလည်း ရုတ်းရင်းဆန်ခတ်ဖြစ်ချိန်မှာ ကွဲအက်သွားပါတယ်။ ၁၈၅၉ခုနှစ်မှာ အော့ခ်ငှက်တစ်ကောင်ကို တွေ့လိုက်ရသေးတယ်ဆိုတဲ့ မှတ်တမ်းရှိပေမယ့် အော့ခ်အသိုက်တော့ ထပ်မတွေ့ရတော့ဘူး။ ယနေ့ထိလည်း ဂရိတ်အော့ခ်တွေ ထပ်မတွေ့ရတော့ပါဘူး။ သူတို့ မျိုးသုဉ်းပြီပေါ့။

#ဆက်ရန်

image
image
image