အသက်ရှင်နေရတာထက် အသက်ရှင်နေတဲ့ အခိုက်အတန့် မှာ ဘဝကို တန်ဖိုးရှိရှိ အသုံးချပြီး နေထိုင်တာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ် ။ အသက်ကြီးလာတာကို တားဆီးလို့ မရပါဘူး ။ တားဆီးနိုင်စွမ်းလည်း မရှိပါဘူး ။ တားဆီးပိုင်ခွင့်လည်း မရှိပါဘူး ။ အချိန်နဲ့တစ်ပြေးညီ အိုခြင်း ၊ နာခြင်း ၊ သေခြင်းဆီသို့ ဦးတည်နေတယ် ။ ဒီလို တားဆီးပိုင်ခွင့် မရှိ ၊ တားဆီးလို့လည်း မရတဲ့အတွက် အသက်ရှင်နေတဲ့ နေ့ရက်တွေမှာ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရမယ် ။ ဘာတွေ လိုအပ်နေတာလဲ ။ ဘာတွေကို ဖြည့်ဆည်းနေရမှာလဲ ။ စိတ်ရဲ့ အရည်အသွေးတွေ မြင့်အောင် ဖြည့်ဆည်းထားဖို့ လိုအပ်ပါတယ် ။
စိတ်ရဲ့ အရည်အသွေး မြင့်တယ်ဆိုတာ ဘယ်လိုဟာ မျိုးလဲ ။ စိတ်အရည်အသွေး မြင့်တယ်ဆိုတာ စိတ်နှလုံး အေးချမ်းတည်ငြိမ်မှု ရှိတာပါ ။ “ငါ” လို့ တွေးတဲ့အတွေး ၊ “ငါ့ဟာ” လို့ အတွေးအခေါ်တွေ ရှိနေတဲ့အခါ နှလုံးစိတ်ဝမ်း အေးချမ်းမှု မရနိုင်ပါဘူး ။
“ငါ” ဆိုတဲ့ အတွေး ၊ “ငါ့ဟာ” ဆိုတဲ့ အတွေးကို လျှော့နိုင်မှ စိတ်ချမ်းသာမှုကို ရနိုင်တာပါ ။ ဖြစ်ရလေခြင်းဆိုတဲ့ နောင်တရမှု မရှိရလေအောင် “ငါ”၊ "ငါ့ဟာ” မဟုတ်တဲ့သဘောကို သိမှ စိတ်ချမ်းသာမှု ရနိုင်မှာပါ ။ တဏှာအတွေး ၊ ဒိဋ္ဌိအတွေးတွေ လျော့ပါးလေလေ သောက လျော့ပါးလေလေပါပဲ ။
