အမေရိကန် ကျောင်းသားဗီဇာလျှောက်ထားမှု စိစစ်တာတွေ ယာယီရပ်ဆိုင်းပြီ
ဝါရှင်တန်၊ မေ-၂၈-၂၀၂၅

အမေရိကန် ကျောင်းသားဗီဇာလျှောက်ထားမှု စိစစ်စစ်ဆေးမှုကို ယာယီရပ်ဆိုင်းဖို့ ဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရက ထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။
ကျောင်းသားဗီဇာလျှောက်ထားသူတွေအတွက် အင်တာဗျူးအသစ်တွေ ကျင်းပမယ့်အချိန်ဇယားကို ခေတ္တရပ်ထားဖို့ အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို အစိုးရက ညွှန်ကြားထားတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
နောက်ထပ်ညွှန်ကြားမှု တစုံတရာ မရှိမချင်း ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။ ထရန့်အစိုးရဟာ အမေရိကန်မှာ ပညာသင်ကြားဖို့ လျှောက်ထားတဲ့ ပြည်ပကျောင်းသားတွေရဲ့ လူမှုကွန်ရက် လှုပ်ရှားမှုတွေကို စစ်ဆေးဖို့ပါ စဉ်းစားနေတယ်လို့ ယခင်က ပြောဆိုထားပါတယ်။
ကျောင်းသားဖြစ်စေ၊ တခြားသူတွေဖြစ်စေ အမေရိကန်ကိုလာမယ့် ဘယ်သူကို့မဆို အကဲဖြတ်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ဆက်လက်အသုံးပြုသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တင်မီဘရုစ်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ဆိုင်းငံ့မှုဟာ အမေရိကန်မှာ ပညာသင်ကြားဖို့ ရည်ရွယ်နေတဲ့ နိုင်ငံတကာကျောင်းသားတွေအပေါ် များစွာထိခိုက်လာနိုင်ပါတယ်။ အမေရိကန်မှာ ပညာသင်ကြားလိုတဲ့ ကျောင်းသားတွေဟာ ခွင့်ပြုချက်မရခင် သူတို့ရဲ့ မိခင်နိုင်ငံတွေက အမေရိကန်သံရုံးတွေမှာ အင်တာဗျူးဖို့လိုအပ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ကျောင်းသားဗီဇာ စိစစ်မှု ရပ်ဆိုင်းတာဟာ ဟားဗက်တက္ကသိုလ်အပါအဝင် နာမည်ကြီးကောလိပ်အချို့နဲ့ သမ္မတထရန့်တို့အကြား ရန်ပုံငွေအပါအဝင် အခြားသော တင်းမာမှုတွေကြားမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

image