အင်္ဂါဂြိုဟ်ရဲ့ လေထုက ကမ္ဘာလောက် မသိပ်သည်းသေးပါဘူး။ ကမ္ဘာ့လေထုဖိအားရဲ့ ၁ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။ ပြီးတော့ အဓိကအားဖြင့် ၉၅% ကျော်က ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide) ပါဝင်ပါတယ်။ ဒီဓာတ်ငွေ့ကို အနာဂတ်မှာ MOXIE (Mars Oxygen In-Situ Resource Utilization Experiment) လို စမ်းသပ်ကိရိယာတွေနဲ့ အောက်ဆီဂျင် ထုတ်လုပ်ဖို့ ဒါမှမဟုတ် ရေသန့်ထုတ်လုပ်ဖို့နဲ့ ယာဉ်လောင်စာအဖြစ် ပြောင်းလဲဖို့ နည်းပညာတွေ ရှာဖွေစမ်းသပ်နေကြပါတယ်။
NASA ရဲ့ သိပ္ပံပညာရှင်တွေဟာ Mars Rover တွေ (ဥပမာ - Perseverance, Curiosity) နဲ့ အင်္ဂါဂြိုလ်ပတ် Orbiter တွေ (ဥပမာ - Mars Reconnaissance Orbiter) ကို အင်္ဂါဂြိုဟ်ပေါ်ကို လွှတ်ပြီး အသေးစိတ် လေ့လာခဲ့ကြပါတယ်။
သူတို့ တွေ့ရှိခဲ့တာက အင်္ဂါဂြိုဟ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဘီလီယံလောက်က (Early Mars) အခုထက်ပိုပြီး နွေးထွေးတဲ့ ရာသီဥတုနဲ့ ထူထဲတဲ့ လေထု ရှိခဲ့ဖူးတယ်ဆိုတာပါပဲ။
Perseveranve rover အလုပ်လုပ်နေတဲ့ Jezero Crater လို နေရာတွေမှာ မြစ်ချောင်းတွေ၊ ကန်တွေ၊ ရေစီးဆင်းမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ Delta မြစ်ဝကျွန်းပေါ်လို မြေမျက်နှာသွင်ပြင်တွေ ရှိခဲ့ဖူးကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ကြတယ်။
ဒါဆိုရင် အတိတ်မှာ သက်ရှိပုံစံတွေ (အဏုဇီဝသက်ရှိများ) တောင် ရှိခဲ့နိုင်ပါတယ်။ လေ့လာရေးယာဉ် Perseverance Rover ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက အတိတ်က အဏုဇီဝသက်ရှိတွေရဲ့ ဇီဝလက္ခဏာ(biosignatures) တွေကို ရှာဖွေဖို့နဲ့ မြေကြီးနမူနာတွေကို ကမ္ဘာကို ပြန်သယ်လာဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုသက်ရှိတွေနေထိုင်န်ိုင်မယ့် အခြေအနေမျိုးကို လူသားတွေ ပြန်လည် ဖန်တီးလို့ရမလား လူနေထိုင်ဖို့ အဆင့်မြင့်နိုင်မလား Terraforming လုပ်ဆောင်နိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပါပဲ။
NASA အပါအဝင် SpaceX လို ပုဂ္ဂလိက အာကာသကုမ္ပဏီတွေ၊ ဥရောပအာကာသအေဂျင်စီ (ESA) နဲ့ တရုတ်အာကာသ အေဂျင်စီ (CNSA) တို့လို ကမ္ဘာ့အာကာသ အဖွဲ့အစည်းကြီးတွေဟာ အင်္ဂါဂြိုဟ်ပေါ်ကို လူသားတွေ ပို့ဆောင်ဖို့ ရေရှည်အစီအစဉ်တွေ ချမှတ်ထားပြီးပါပြီ။အာကာသပြိုင်ပွဲအသစ်တစ်ခုကိုလည်းလာမယ့်ရာစုနှစ်တွေမှာ မြင်လာရနိုင်ပါတယ်။
လာမယ့် ဆယ်စုနှစ်အတွင်းမှာ NASA ရဲ့ Artemis အစီအစဉ်တွေဟာ လပေါ်ကို လူသားတွေ ပြန်လည် စေလွှတ်ပြီး၊ လပေါ်မှာ ရေရှည်တည်တံ့တဲ့ အခြေစိုက်စခန်းတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။
လပေါ်မှာ ရရှိလာမယ့် အတွေ့အကြုံတွေ၊ နည်းပညာတွေနဲ့ အရင်းအမြစ်တွေကို အင်္ဂါဂြိုဟ်ဆီ ခရီးသွားဖို့အတွက် အဆင့်သစ်တွေ ထပ်တိုးမှာ ဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ လူသားတွေကို Mars ကို စေလွှတ်ဖို့ ပန်းတိုင်ထားပါတယ်။
Elon Musk ရဲ့ ပုဂ္ဂလိကပိုင် SpaceX ကုမ္ပဏီကလည်း Starship လို့ခေါ်တဲ့ အာကာသယာဉ်တွေကို အများအပြား တည်ဆောက်နေပြီး၊ ဒါဟာ လာမယ့်ဆယ်စုနှစ်အတွင်းမှာ အင်္ဂါဂြိုဟ်ကို တစ်ပြိုင်နက် လူအများအပြားနဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။
အင်္ဂါဂြိုဟ်ပေါ် ရောက်ရင် လူသားတွေ ဘယ်လို အသက်ရှင်နေထိုင်မလဲဆိုတဲ့ စိတ်ကူးတွေ (ဥပမာ - မြေအောက်အဆောက်အဦတွေ ဆောက်တာ၊ Martian လေထုကို ပြောင်းလဲပြီး ကမ္ဘာနဲ့တူအောင် လုပ်တာ - Terraforming) ကိုလည်းစတင် စဉ်းစားနေကြပါပြီ။
Terraforming ဆိုတာ အင်္ဂါဂြိုဟ်ရဲ့ ဂေဟစနစ်ကို ပြောင်းလဲပြီး ကမ္ဘာနဲ့ ပိုမိုနီးစပ်တဲ့ အခြေအနေ ဖန်တီးဖို့ ကြိုးစားခြင်းဖြစ်ပြီး ရာစုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်တဲ့ အစီအစဉ်ကြီး ဖြစ်ပါတယ်။ဒါဟာလူသားတွေရင်ဆိုင်ရမယ့် အကြီးဆုံးအခက်အခဲလည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ လူသားတွေရဲ့ စူးစမ်းလိုစိတ်၊ နည်းပညာ တိုးတက်မှုတွေက ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ က လပေါ်တက်မယ်ဆိုတာ အိပ်မက်တစ်ခုလိုပဲ ဖြစ်ခဲ့ပေမယ့် အခုတော့ ဒါဟာ လူသားတွေရဲ့သမိုင်းမှတ်တိုင် ဖြစ်လာခဲ့ပြီးပါပြီ။
အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့ လူသားမျိုးနွယ်အတွက် အနာဂတ်ရဲ့ နေရာသစ်မျှော်လင့်ချက်တစ်ခုလိုပါပဲ။
ဒီ ဂြိုဟ်နီ လေးဆီ သွားရောက်ခြင်းဟာ သိပ္ပံပညာရဲ့ အကြီးမားဆုံး အောင်မြင်မှုတစ်ခုသာမက၊ ကျွန်တော်တို့ လူသားတွေရဲ့ စူးစမ်းလိုစိတ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားလိုစိတ်ကိုပါ ပြသတာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ မျိုးဆက် ဒါမှမဟုတ် နောက်မျိုးဆက်တွေဟာ Mars ပေါ်မှာ ခြေချပြီး အခြေချနေထိုင်တာကို မျက်မြင်ကိုယ်တွေ့ မြင်ရဖို့ နီးစပ်လာပါပြီ။ အင်္ဂါဂြိုဟ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာ အပြင်ဘက်က ဒုတိယအိမ်ဖြစ်လာနိုင်မလားဆိုတာကတော့ အချိန်ကသာ ပြောပြပါလိမ့်မယ်။
