#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အလုပ်ရှင်က ရဲခေါ် ဖမ်းခိုင်းခဲ့သည့် မြန်မာလုပ်သားများ၏ လစာဘတ်လေးသိန်းကျော် ပြန်ရ
ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်ပရာ့ပရဒဲင်မြို့ရှိ ဆေးဘဲဥစက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး၏ လုပ်ခလစာဘတ်လေးသိန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းအလုပ်ရှင်က လုပ်အားခမပေးနိုင်၍ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၈ ဦးအား မေ ၁၇ ရက်တွင် ထိုင်းရဲတပ်ဖွဲ့ကို လိမ်လည်တိုင်ကြားပြီး ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကာ အဆိုပါ စက်ရုံပိုင်ရှင်ကလုပ်အားခ ငါးလစာရှင်းပေးခြင်းမရှိသဖြင့် မြန်မာအလုပ်သမားများက လုပ်ခလစာများ ရှင်းပေးရန်ပြောကြားရာ စက်ရုံပိုင်ရှင်က လုပ်အားခမပေးနိုင်၍ ထိုင်းရဲတပ်ဖွဲ့အား ဖုန်းဆက်တိုင်ကြားကာ ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်လူမျိုးစက်ရုံပိုင်ရှင်က ထိုင်းရဲတပ်ဖွဲ့ကိုဖုန်းဆက်ကာ ဖမ်း ဆီးခိုင်းခဲ့သည့်အပေါ် နစ်နာသူအလုပ်သမားများက ကျေနပ်ခြင်းမရှိသဖြင့်ဆက်သွယ်အကူအညီတောင်းခံခဲ့ပြီး လုပ်ခလစာပြန်လည်ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း M.H. A.C မဟာမိတ်အဖွဲ့မှ သိရသည်။
ထိုင်းဥပဒေနှင့်အညီ သက်ဆိုင်ရာထိုင်းအစိုးရအလုပ်သမား ဖြေရှင်းရေးဌာနများဖြင့် ပူးပေါင်း၍တရုတ်လုပ်ငန်းရှင်အား အမှုဖွင့်တိုင်ကြားပေးခဲ့ပြီးနောက် မေ ၂၃ ရက်တွင်မြန်မာအလုပ်သမား စုစုပေါင်း ၂၁ ဦး၏ လုပ်ခလစာထိုင်းဘတ်ငွေ ၄ဝ၉ဝ၇၂ နှင့် စာရွက်စာတမ်းမျာကို မြန်မာအလုပ်သမားများ၏ လက်ဝယ်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း M.H.A.C မဟာမိတ်အဖွဲ့မှ သိရသည်။
