#နိုင်ငံတကာသတင်း
◼ ပါကစ္စတန်နှင့်တင်းမာမှုများရှိနေစဉ် တိုက်လေယာဉ်အစီအစဉ်သစ်ကို အိန္ဒိယအတည်ပြု
နှစ်နိုင်ငံကြား စစ်‌ရေးပဋိပက္ခဖြစ်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ပါကစ္စတန်နှင့်လက်နက်ပြိုင်ဆိုင်မှု အသစ် ဖြစ်ပေါ်နေစဉ် ‌ရေဒါမမိဘဲ လျှို့ဝှက်ပျံသန်းနိုင်မည့် နိုင်ငံ၏ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်သစ် တည် ဆောက်ရေး စီမံကိန်းကို ကာကွယ်ရေးဝန်ကြီးက အတည်ပြုလိုက်ကြောင်းအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
ယင်းတိုက်လေယာဉ် နမူနာပုံစံသစ် တည်ဆောက်ရေးအတွက် ကာကွယ်ရေးကုမ္ပဏီများထံမှ ကနဦးစိတ်ဝင်စားမှုကို တိုက်လေယာဉ်သစ်အစီအစဉ်ကို လုပ်ဆောင်နေသည့် နိုင်ငံပိုင် လေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ က မကြာမီ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။
အင်ဂျင်နှစ်လုံးတပ် ပဥ္စမမြောက်မျိုးဆက် တိုက်လေယာဉ်စီမံကိန်းမှာ အိန္ဒိယလေတပ်အတွက် အလွန်အရေးပါပြီး လေတပ်တွင် ခွင့်ပြုထားသော တိုက်လေယာဉ်အုပ်စု ၄၁ စုမှ ၃၁ စု သို့ အင်အား လျော့ကျနေချိန်တွင် ဒေသတွင်းပြိုင်ဘက် တရုတ်က လေတပ်ကို အကြီးအကျယ်တိုးချဲ့နေပြီး ပါကစ္စတန်တွင်လည်း တရုတ်၏ အဆင့်အမြင့်ဆုံးတိုက်လေယာဉ် J-10 များ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။
နျူကလီးယားလက်နက်များပိုင်ဆိုင်ထားသော အိန္ဒိယနှင့်ပါကစ္စတန်တို့က ယခုလအတွင်း လေးရက်ကြာ စစ်ဆင်နွှဲခဲ့ကြပြီး နှစ်ဖက်စလုံးက တိုက်လေယာဉ်များ ၊ ဒရုန်းများ ၊ ဒုံးကျည်များ ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြကာအမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က အပစ်အခတ်ရပ်စဲမှု ကြေညာပြီးနောက်တွင်မှ ရပ်တန့်သွားခဲ့သည်။
တိုက်လေယာဉ်သစ်အစီအစဉ်အတွက် အိန္ဒိယက ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးတွဲလုပ်ကိုင်သွားမည်ဖြစ်ကာ ကုမ္ပဏီများအနေဖြင့် သီးခြားဖြစ်စေ ၊ပူးပေါင်း၍ဖြစ်စေ လုပ်ကိုင်ခွင့် လျောက်ထားနိုင်ပြီး ပုဂ္ဂလိက နှင့် အစိုးရလုပ်ငန်းများ အားလုံး ပါဝင်နိုင်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက အသုံးပြုနေသော ပြည်တွင်းဖြစ်တိုက်လေယာဉ် အများစုကို ထုတ်လုပ်ပေးနေသည့် နိုင်ငံပိုင် Hindustan Aeronautics Ltd အပေါ် ဝန်မပိစေရန် ပုဂ္ဂလိကကဏ္ဍကိုပါ စစ်လေယာဉ်ထုတ်လုပ်မှုများတွင် ပါဝင်လာစေရေး အိန္ဒိယကာကွယ်ရေးကော်မတီ က မတ်လအတွင်း ထောက်ခံအကြံပေးခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image