16 ပတ် - ဘာသာပြန်ပါ။

“ငါတို့ဇာတ်လမ်းမှာ မျက်ရည်တွေဟာ အဓိကဇာတ်ကောင်”
(The Classic ခံစားမှု)
လူ့ဘဝဟာ စပြီဆိုကတည်းက ငိုခဲ့ရတယ်။ ကောင်းကင်ကြီးမှာ မိုးရေတွေ ဘယ်တော့မှ ခမ်းခြောက်မသွားသလိုမျိုး ငါတို့ကိုယ်စီမှာလည်း စိုစွတ်ဝမ်းနည်းမှုတွေနဲ့ပေါ့ကွာ။ အရာရာ မလွယ်ကူလို့ပဲ လူအဖြစ်ကို ခက်ခက်ခဲခဲရခဲ့ကြ။ နောက်ပြီး ငါတို့ အချစ်ကို တွေ့ရှိခဲ့ကြ။ နွားချေးပိုးကောင်လေးကို မတွေ့ဖူး မမြင်ဖူးတဲ့ ကောင်မလေး၊ မြစ်တစ်ဖက်ကမ်းက သရဲခြောက်တဲ့ အိမ်အိုကြီးဆီကို သွားကြည့်ချင်တဲ့ ကောင်မလေး။ ငါ ဟာလှေကိုလည်း မလှော်တတ်ခဲ့သလို မြစ်ကိုလည်း မဖြတ်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ နင်ရှိနေမှာ ဆိုတဲ့ အသိနဲ့တင် စွန့်စားခန်းကြီးထဲ လက်ပစ်ကူးဖို့ စဉ်းစားစရာကို မလိုခဲ့တာပါ။ မြစ်ကမ်းစပ် မှာ လှေက မရွေ့၊ နင်ကလည်း စကားတွေ ကရားရေလွှတ်၊ နောက်တော့လည်း အဖြစ်မှန်ဟာ သူ့အလိုလိုပေါ်လာပြီး ငါတို့လည်း အိမ်အိုကြီးဆီရောက်ခဲ့တာပါပဲလေ။ ဘဝရဲ့ လွတ်လပ်ပေါ့ပါးမှုဟာ ဖန်တီးမယူပဲ ရောက်လာတတ်တယ်။ တစ်ခါတစ်ရံ အားရပါးရ အော်ပစ်လိုက်၊ တစ်ခါတစ်ရံ အသံမထွက်နိုင်တော့တဲ့ ဆို့နင့်ဝမ်းနည်းမှုနဲ့ ငိုကြွေးလိုက်။ ရုတ်တရက် မိုးတွေရွာလာတယ်။ လှေကလေးက မြစ်လယ်ဆီကို တရွေ့ရွေ့။ ငါဟာ လှေကြိုးကိုချည်ဖို့ မေ့လျော့ခဲ့သူ၊ ကိုယ့်ကို ခိုင်မြဲစွာရစ်ပတ်လာတဲ့ သံယောဇဉ်ကြိုးလေးကို လွတ်ထွက်မသွားအောင် ချည်ဖို့ ပျက်ကွက်ခဲ့သူ ဖြစ်တယ်။ ခြေထောက်နာသွားတဲ့ နင့် ကို ကုန်းပိုးပြေးလိုက်ဖို့၊ ဗိုက်ဆာနေတဲ့ ကောင်မလေးကို ဖရဲသီးခွဲကျွေးဖို့ မမေ့ခဲ့တာပဲ ပျော်စရာခဏတာများပေါ့လေ။ ခြေတံရှည်လယ်စောင့်တဲလေးပေါ်မှာ သက်တန့်ကြီး ကိုင်းကျနေတယ်။ တဲကလေးထဲမှာ ခိုက်ခိုက်တုန်နေတဲ့ အအေးဒဏ်ကို မျက်ဝန်းများနဲ့ နွေးစေခဲ့တယ်။ နောက်တော့ အိမ်အပြန်လမ်းက ချောင်းရိုးလေးထဲ ပိုးစုန်းကြူးလေးဆင်းဖမ်းပေးခဲ့တယ်။ နင့်အတွက်တော့ ကျေးလက်ဒေသက အကောင်လေးတွေဟာ မတွေ့ဖူး၊ မမြင်ဖူးတဲ့ ရတနာလေးတွေပေါ့ဟာ။
နောက်တော့ နင်နဲ့ငါ ၊ တစ်ယောက်ရဲ့ရတနာဟာ တစ်ယောက်ဖြစ်ခဲ့ကြ။ ရွာနေတဲ့မိုးတွေထဲ မျက်ရည်ကိုယ်စီနဲ့ ပြေးလွှားခဲ့ကြ။ ငါ့အသက်ရဲ့ သုံးပုံနှစ်ပုံလောက်ဖြတ်သန်းပြီးချိန်မှာ ငါဟာ သိပ်ကို မောနေခဲ့ပြီ။ အဖြစ်အပျက်တွေဟာ ငါတို့စီမံလို့ မရပဲ သူ့အလိုလို ဖြစ်ပျက်သွားခဲ့တယ်။ ကံကြမ္မာကိုလည်း ငါလိုက်မမှီဘူး။ နင့်ကိုလည်း ငါ မမှီတော့ဘူး။ ရောက်တတ်ရာရာအကြောင်းတွေပေမယ့် စတွေ့ကြကတည်းက ပန်းချိုချိုလေးတွေ ထုံမွှန်းထားတဲ့ အဆွေးဇာတ်ကြီးဆိုတာ ငါတို့သိခဲ့လိုက်ရင် ကောင်းမယ်နော်။ နင်လည်း အူလှိုက်သည်းလှိုက်ငိုစရာ မလိုတော့ဘူးပေါ့။ ငါ့ဆီမှာ နောက်ဆုံးကျန်ခဲ့တာဆိုလို့ နင်ကိုယ်တိုင်ဆွဲပေးလိုက်တဲ့ ဆွဲကြိုးလေးပဲ ရှိတော့တယ်။ အသက်တာအတွက် ထာဝရလွမ်းဆွတ်စေလိုသော အားဖြင့်။ ငါ့ကို ချည်လာတဲ့ကြိုးတစ်ချောင်းအား ချည်တိုင်မဲ့တဲ့ငါ့ဘဝဆီမှ ဝေးကွာစေလိုသောအားဖြင့်။
ငါဆိုတဲ့ လူ့အဖြစ်ကို ရခဲ့တာ သိပ်ကိုပျော်ပါတယ်။ ငါ့ရဲ့လူ့အဖြစ်မှာ ကောင်မလေးတစ်ယောက်ကို တွေ့ဆုံခွင့်၊ ချစ်ခွင့်၊ ပျော်ရွှင်ကြည်နူးခွင့်၊ လွမ်းခွင့်၊ ဆွေးခွင့်၊ ကြေကွဲခွင့် ထောင်သောင်းမက ရရှိခဲ့တဲ့အတွက်လည်း သိပ်ကို ကျေနပ်မိပါတယ်။
___________________________________
ငါတို့ ဇာတ်လမ်းမှာ မျက်ရည်တွေဟာ အဓိက ဇာတ်ကောင်ပဲ။ ဇာတ်လမ်းသဘောအရ အဓိကဇာတ်ကောာင်ကို သတ်လိုက်လို့မရဘူး။ မျက်ရည်ဆိုတဲ့ ဇာတ်ကောင်ဟာ ရုပ်လုံးကြွနေဖို့ ငါတို့ ဝေးနေမှ ဖြစ်မှာ။______________________________________
နောက်ဆုံးတော့ ဇာတ်ကောင်အလိုကျပဲ ဘယ်တော့မှမဆုံနိုင်အောင် ငါတို့ ဝေးကွာမျောလွင့်သွားရတယ်နော်။ သံသရာဟာ ဆက်ရှိနေဦးမှာပါ။ လူ့အဖြစ်ဆိုတာလည်း သေဆုံးလိုက်၊ တစ်ခါပြန်ရှင်သန်လိုက် ဖြစ်နေဦးမှာ။ နောက်တစ်ကြိမ် တိုက်မိဖို့ဆိုတာ စကြာဝဠာကြီးထဲ မျောနေတဲ့ ကိုယ်တို့လို အပိုင်းအစလေးတွေအတွက် အခွင့်အရေး ရှိနိုင်တယ် မဟုတ်လား။

image