ယူကရိန်းနဲ့ ရုရှားတို့ နှစ်နိုင်ငံမြို့တော်တွေကို ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်
မော်စကို
ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားနဲ့ ယူကရိန်းတို့အကြား အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု အစီအစဉ်စတင်နေချိန်မှာ မြို့တော်မော်စကိုနဲ့ ကိဗ်ယက်တို့ကို အပြန်အလှန် ဒရုန်းတွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပါတယ်။
ရုရှားနိုင်ငံ မော်စကိုသို့ ဦးတည်ပျံသန်းနေတဲ့ ဒရုန်းတဒါဇင်လောက်ကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်ကဆိုပါတယ်။ ယူကရိန်းနိုင်ငံ ကိဗ်ယက်မြို့မှာလည်း ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ရုရှားရဲ့ ညလုံးပေါက်တိုက်ခိုက်မှုတွေကြောင့် မြို့တော်ကိဗ်ယက်မှာ လူ ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ မြို့ခံတွေကို အမိုးအကာတွေအောက်မှာ နေထိုင်ကြဖို့ မြို့တော်ဝန် ဗစ်တာလီကစ်ရှ်ကိုက သတိပေးထားပါတယ်။ မြို့တော်ကို တိုက်ခိုက်ခံနေရတယ်ဆိုပေမယ့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အလုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ရုရှားဟာ ပဲ့ထိန်းဒုံးကျည် ၁၄ စင်းနဲ့ ဒရုန်း ၂၅၀ လောက်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် မော်စကိုဒေသ အဓိကအချက်အခြာကျတဲ့ ရှာရီမက်ယီဗိုအပါအဝင် လေဆိပ် လေးခုထက်မနည်းကို ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့နောက်ပိုင်း ဒရုန်း ၈၇၇ စင်း၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုပြုလု်ပခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားရဲ့ တိုက်ခို်ကမှုတွေဟာ စစ်ပွဲကို သက်ဆိုးရှည်နေဦးမှာဖြစ်ပြီး ပိတ်ဆို့အရေးယူမှုတွေ အရှိန်မြှင့်ဖို့ နိုင်ငံတကာကို တောင်းဆိုနေပါတယ်။
နှစ်ဖက်အကြား တူရကီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရရှိခဲ့ဘဲ နှစ်နိုင်ငံအကျဉ်းသား တထောင်စီလဲလှယ်ဖို့ သဘောတူခဲ့ပါတယ်။
Ref:CNA
Photo:Reuters
