#နိုင်ငံတကာသတင်း
◼ဗြိတိန်နိုင်ငံသားဖြစ်ရန် လျှောက်ထားသော ကန်နိုင်ငံသား စံချိန်တင်များပြားလာ
ဒေါ်နယ်ထရန့် အမေရိကန်နိုင်ငံ၏ သမ္မတ ပြန်ဖြစ်လာခဲ့ပြီးနောက်
ယခုနှစ်ပထမသုံးလအတွင်း ဗြိတိန်နိုင်ငံသားဖြစ်ရန် လျှောက်ထားသည့် အမေရိကန်နိုင်ငံသား စံချိန်တင်များပြားလာခဲ့ကြောင်း ဗြိတိန်အစိုးရ၏ တရားဝင်အချက်အလက်များအရ သိရသည်။
ဗြိတိန်နိုင်ငံသားဖြစ်ရန် အမေရိကန်နိုင်ငံသားများထံမှ လျှောက်ထားမှု နောက်ဆုံးအကြိမ် မြင့်တက်ခဲ့ချိန်မှာ ဒေါ်နယ်ထရန့် ပထမအကြိမ်သမ္မတသက်တမ်း အတွင်း COVID-19 ကပ်ရောဂါဖြစ်ပွားခါစက ၂၀၂၀ က ဖြစ်သည်။
ဗြိတိန်အစိုးရက တရားဝင်ရွှေ့ပြောင်းအခြေချမှုအတွက် လိုအပ်ချက်များကို တင်းကျပ်နေပြီး နိုင်ငံသားဖြစ်ရန် လူသစ်များ စောင့်ဆိုင်းရသည့်ကာလကို ငါးနှစ်မှ ၁၀ နှစ်သို့ တိုးမြှင့်လိုက်ချိန်မှာပင် ကန်နိုင်ငံသားများထံမှ လျှောက်ထားမှု များပြားလာခြင်းဖြစ်သည်။
မတ်လအထိ ပြီးခဲ့သည့် ၁၂ လအတွင်း ဗြိတိန်နိုင်ငံသားဖြစ်လာရန် လျှောက်ထားသည့် အမေရိကန်နိုင်ငံသား ၆၆၁၈ ဦးရှိကြောင်းနှင့် ယင်းမှာ ၂၀၀၄ ခုနှစ်က မှတ်တမ်းများ စတင်ခဲ့ပြီးနောက်ပိုင်း အများဆုံးအရေအတွက်ဖြစ်ကြောင်း ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ကြာသာပတေးနေ့က ပြောကြားသည်။
အဆိုပါစာရင်းတွင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း လျှောက်ထားခဲ့သော ၁၉၃၁ ဦး လည်း ပါဝင်ကာ ယင်းမှာ မည်သည့်သုံးလတာကာလအတွက်မဆို စံချိန်တင်အရေအတွက်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ဗြိတိန်နိုင်ငံတွင် အချိန်ကာလအကန့်အသတ်မဲ့ လာရောက်နေထိုင် အလုပ်လုပ်ရန်ကြိုးစားနေသော အမေရိကန်နိုင်ငံသားအရေအတွက်မှာလည်း စံချိန်တင်များပြားလာနေသည်။
ယင်းသို့ နေထိုင်လုပ်ကိုင်ခြင်းမှာ ဗြိတိန်နိုင်ငံသားဖြစ်လာရန် ရှေ့ပြေးလိုအပ်ချက်တစ်ခုလည်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် က ပြောင်ရွှေ့နေထိုင်ရန်လျှောက်ထားမှု ၅၅၂၁ ခုအား ဗြိတိန်က ခွင့်ပြုပေးခဲ့ပြီး အများစုမှာ ၎င်းတို့၏ဇနီး၊ ခင်ပွန်း၊ မိဘ နှင့် အခြား မိသားစုဆက်စပ်မှုများကြောင့် ခွင့်ပြုချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်နယ်ထရန့် အမေရိကန်သမ္မတ ပြန်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရေးဖြစ်နိုင်ချေ နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသားများထံမှ စုံစမ်းမေးမြန်းမှုများ မြင့်တက်လာခဲ့ကြောင်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာရှေ့နေများက နယူးယောက်တိုင်းမ်စ် သတင်းစာ အား ပြောကြားခဲ့ကြသည်။
UPI



