ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိခဲ့
ရန်ကုန်
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံကျော် ရရှိခဲ့တာကို ကုန်သွယ်မှုစာရင်းတွေမှာ တွေ့ရှိရကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီကနေ သိရပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပိုငွေ ပိုမိုရရှိစေရေးအတွက် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကော်မတီဥက္ကဋ္ဌ၊ နစကဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက မေလ ၂၃ ရက်နေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ပို့ကုန်တင်ပို့ပြီး ပို့ကုန်ရငွေတွေ အချိန်မီပြန်လည်ဝင်ရောက်ရေး၊ စက်သုံးဆီ/ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးနဲ့ CMP လုပ်ငန်းတွေ ပိုမိုတင်ပို့နိုင်ရေးကိစ္စရပ်တွေကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မတ် ၂၈ ရက်မှာ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့မှုကြောင့် အချိန်တိုအတွင်းမှာ ကုန်သွယ်မှုလုပ်ငန်းတွေ ပုံမှန်အခြေအနေရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။
ကော်မတီအနေနဲ့ ကုန်သွယ်မှုလျာထားချက်တွေ ပြည့်မီကျော်လွန်အောင်ဆောင် ရွက်နိုင်ရေးအတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လျင်မြန်ချောမွေ့စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်ရေးနည်းလမ်း (Border Trade Method) နဲ့ ရန်ကုန်-ကော့သောင်း-ရနောင်းနဲ့ ရနောင်း-ကော့သောင်း-ရန်ကုန်ကို နယ်စပ်ကုန်သွယ်မှုနည်းလမ်း ကွန်တိန်နာစနစ်နဲ့ တင်ပို့/တင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
