မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းပစ်ပါ ။
မလိုအပ်တဲ့ အရာတွေကို မကြာခဏ ရှင်းလင်းဖယ်ရှားပစ်ပါ ။ ဘာကြောင့်ပါလဲ ။ ပစ္စည်းမျိုးစုံကို စုဆောင်းထားတာက မိမိရဲ့ အိမ် ၊ စိတ် နဲ့ ဘဝကိုပါ ဖရိုဖရဲ မသပ်မရပ်ဖြစ်စေလို့ပါပဲ ။ ပစ္စည်းတွေ စုပုံနေတဲ့အိမ်ဟာ အတွေးတွေ စုပုံရှုပ်ထွေးနေတယ်ဆိုတဲ့ သင်္ကေတကို ပြသခြင်းပဲ ဖြစ်ပါတယ် ။
မိမိတို့ရဲ့ အတွေးတွေက ကြည်လင်ပြတ်သားပြီး တည့်မတ်နေရပါမယ် ။ ပြီးတော့ အသုံးမလိုတဲ့ပစ္စည်းတွေကို မစုဆောင်းပါနဲ့ ။ ဒါပေမဲ့ ကျွန်မတို့အားလုံး မလိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားတတ်ကြတာပါပဲ ။ မလိုအပ်ဘူးလို့ ထင်ပေမယ့်လည်း တစ်ချိန်ချိန်မှာတော့ အသုံးဝင်သွားတတ်လို့ပါပဲ ။ ဒီလိုနဲ့ပဲ အိမ်တစ်အိမ်မှာ ပုလင်းတွေ ၊ ဘူးတွေ ၊ တိုလီ မိုလီပစ္စည်းတွေ စုပုံလာကြပါတယ် ။
ကျွန်မမှာတော့ စာအုပ်တွေနဲ့ ပတ်ချာဝိုင်းနေပါတယ် ။ သိမ်းပစ်လိုက်ရင် မဖတ်ဖြစ်တော့ပါဘူး ။ ဖတ်ချင်တာတွေယူပြီး ဖတ်လို့ရအောင် လက်လှမ်းမီရာမှာ ထားရတဲ့ စာအုပ်တွေက အများကြီးပဲ ။ စာကြည့်တိုက်တွေကိုတော့ လှူပါတယ် ။ သိမ်းထားချင်တဲ့ စာအုပ်တွေကလည်း များပါတယ် ။ ကလေးတွေဆီမှာ ရေခဲမုန့်တို့ ၊ အချိုရည်တို့ထည့်တဲ့ ပလတ်စတစ်ခွက်ကလေးတွေကိုလည်း တောင်းထားရပါတယ် ။ ပျိုးပင်ကလေးတွေ မျိုး ထားဖို့ပါ ။ ပစ္စည်းတွေ များလာတော့လည်း စိတ်ထဲမှာ ရှုပ်ထွေးလာရတာ အမှန်ပါပဲ ။ ရှင်းလင်းပစ်ရမှာ ဖြစ်ပါတယ် ။
ကျွန်မ အကြံပေးချင်တာက ရံဖန်ရံခါ တချို့သောပစ္စည်းတွေကို ရှင်းလင်းပစ်ခြင်းက သင့်တော်လျော်ကန်တဲ့ အလုပ်ပါပဲ ။ ဒီလိုမှ မလုပ်ရင် သူတို့က စိတ်ကိုလွှမ်းမိုးလာပြီး ပင့်ကူမျှင်တွေလို ပိုပြီး ရှုပ်ထွေးနှောင်ဖွဲ့ လာတော့မှာပါ ။ အပိုပစ္စည်းများကို ရှင်းလင်းပစ်ခြင်းက အသုံးမဝင်တဲ့ပစ္စည်း ၊ ကျိုးပဲ့နေတဲ့အရာ ၊ ရက်လွန်နေတဲ့ပစ္စည်း ၊ မသန့်ရှင်းတဲ့ ဘူးခွက်တွေ ၊ ပိုနေတဲ့ အရာတွေနဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ ပစ္စည်းတွေကို စွန့်ပစ်ဖို့ အခွင့်အရေး တစ်ခုရတာပဲ ဖြစ်ပါတယ် ။ တကယ်တော့ မိမိတို့အိမ်မှာ အသုံးမဝင်တဲ့ ပစ္စည်း ၊ မလှပတဲ့ပစ္စည်းတွေ မထားတာပဲ ကောင်းပါတယ် ။ မလိုအပ်တာတွေကို စွန့်ပစ်လိုက်ခြင်းက မိမိကို အားသစ်အင်သစ်ဖြစ်စေသလို စိတ်ကိုလည်း ကြည်လင်စေပါတယ် ။
ဘယ်လိုအရာတွေကို ထားသင့်သလဲ ၊ ဘယ်လိုအရာတွေကို ဖယ်ရှားသင့်သလဲဆိုတာကိုလည်း သတိရှိရှိနဲ့ စု ဆောင်းတတ်သွားပါတယ်။ အောင်မြင်နေတဲ့သူတွေနဲ့ ရေသေထဲမှာ အားစိုက်ရုန်းကန်နေရပြီး အရာမရောက်တဲ့သူရဲ့ ခြားနားချက်ကိုလည်း သတိပြုမိပါတယ် ။ အင်အားအပြည့်နဲ့ ချောမွေ့စွာ လျှောက်လှမ်းနေသူတွေက မလိုအပ်တဲ့ အရာတွေကို ထုတ်ပယ်ပစ်ဖို့ ၊ ဖရိုဖရဲဖြစ်နေတာတွေကို ရှင်းလင်းပစ်ဖို့ဆိုတဲ့ အရည်အချင်းရှိတဲ့သူတွေ ဖြစ်ပါတယ် ။ လေယာဉ်ပြေးလမ်းကြောင်းပေါ်မှာပဲ ပြေးနေပြီး ကောင်းကင်ကို ပျံမတက်နိုင်ပဲ ဒုက္ခရောက်နေတဲ့ လေယာဉ်လို တချို့လူတွေက ဈေးပေါပေါရလို့ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို အထုပ်လိုက် သိမ်းထားတတ်ပါတယ် ။ အသုံးမဝင်တဲ့ ပစ္စည်းတွေကို လွှင့်မပစ်ရပဲ ဗီရိုထဲမှာ ဖွင့်မကြည့်တော့ပဲ ထည့်ထားကြတယ် ။ အံဆွဲတွေထဲမှာလည်း ပစ္စည်းအကျိုးအပဲ့တွေ အပြည့်ပါပဲ ။ အဝတ်အစား ဗီရိုတွေထဲမှာလည်း မဝတ်တော့တဲ့ အဝတ်အစားတွေ ၊ ဖက်ရှင် date အောက်သွားလို့ ဘယ်တော့မှ ဝတ်ဖို့ စိတ်မကူးတော့တဲ့ အဝတ်အစားတွေကို အပြည့်ထည့်ထားတတ်ကြပါတယ် ။ သူတို့ရဲ့စိတ်အခြေအနေတွေကို ခန့်မှန်းကြည့်လို့ရပါတယ် ။ ဝတ္ထုတစ်ပုဒ်ထဲမှာ လက်ထပ်ဖို့ ပြင်ဆင်ထားပြီးမှ ရောက်မလာတဲ့ သတို့သားကို နာကြည်းတဲ့စိတ်နဲ့ သတို့သမီးက ပြင်ဆင်ထားတဲ့အိပ်ခန်း ၊ အဝတ်အစား ၊ ဧည့်သည်တွေကို ဧည့်ခံဖို့ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဒီအတိုင်းထားပြီး နေ့စဉ် နာကြည်းစိတ် ၊ ဒေါသဖြစ်တဲ့စိတ် ၊ စိတ်ပျက် အားငယ်တဲ့စိတ် ၊ ကလဲ့စားချေလိုတဲ့စိတ်တွေနဲ့ ဖြတ်သန်းခဲ့တာ နှစ်ပေါင်း ရှည်ကြာစွာပါပဲ ။ သူ့ဘဝကြီးက လေးလံထိုင်းမှိုင်းလှပါတယ် ။ ဒါတွေ အားလုံးကို စွန့်ပစ်ပြီး လူသစ် စိတ်သစ် နဲ့ နေလိုက်မယ်ဆိုရင် ဘယ်လောက် သာယာလိုက်မလဲလို့ ကျွန်မ တွေးမိပါတယ် ။
မလိုအပ်တာတွေကို ရှင်းလင်းပစ်တာနဲ့အတူ ကိုယ်စိတ်နှစ်ပါး ပေါ့ပါးစေခြင်းဆိုတဲ့ အကျိုးဆက်က ပါလာပါတယ် ။ စာဖတ်သူတို့အိမ်မှာ နေရာပိုရသွားစေပါတယ် ။ ပြီးတော့ နေရာတိုင်းမှာ ပစ္စည်းတွေ စုပုံနေတဲ့ အတွက် လွှမ်းမိုးခံနေရသလို ခံစားနေရတာကိုလည်း ထုတ်ပယ်ပစ်နိုင်တဲ့အပြင် ပုံမှန်သက်သောင့်သက်သာ ရှိသွားစေပါတယ် ။ နောက်ဆုံးပေါ် အိမ်ထောင်ပရိဘောဂတွေနဲ့ ဖိတ်ဖိတ်တောက်ပြီး စတိုင်လ်နဲ့ နေရမယ်လို့ မဆိုလိုပါဘူး ။
ကျွန်မ အကြံပြုချင်တာလေးတစ်ခုက စာဖတ်သူအတွက် ဘာတွေရှုပ်ထွေးနေသလဲဆိုတာ သိလိုရင် ဗီရိုပေါ်တွေမှာ ရှာဖွေကြည့်ပါ ။ မလိုအပ်တော့တဲ့ ပစ္စည်းတွေတွေ့ ရင် သံယောဇဉ်ဖြတ်ပြီး ရှင်းလင်းထုတ်လိုက်ပါတော့ ။
စာဖတ်သူရဲ့ စိတ်လည်း ရှင်းလင်းကြည်လင်သွားပါလိမ့်မယ် ။ “ Prune your stuff frequently ” “ သင့်ရဲ့ မလိုအပ်တဲ့အရာတွေကို မကြာခဏ ဖယ်ရှားပစ်ပါ ။ ”
#ဘဝရဲ့စည်းမျဉ်းများ #ခင်စောတင့်

image