#နိုင်ငံတကာသတင်း
◼ ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာကျောင်းသားများ လက်ခံခွင့် ထရန့်အစိုးရ ပိတ်ပင်
ဟားဗတ်တက္ကသိုလ်၏ နိုင်ငံတကာ ကျောင်းသားများလက်ခံပိုင်ခွင့်အား အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်အစိုးရက ယမန်နေ့တွင် ရုပ်သိမ်းလိုက်ပြီး လက်ရှိတက်‌ရောက်နေသော နိုင်ငံတကာကျောင်းသားများအား အခြားကျောင်းများသို့ ပြောင်းရွှေ့ရန်နှင့် သို့မဟုတ်ပါက တရားဝင်နေထိုင်နိုင်မှု ဆုံးရှုံးမည်ဖြစ်ကြောင်း သတိပေးခဲ့ကာ ထိုသို့ နှိမ်နင်းမှုများအား အခြားကောလိပ်နှင့် တက္ကသိုလ်များသို့ပါ ချဲ့ထွင်သွားရန် ခြိမ်းခြောက်နေကြောင်း ရိုက်တာသတင်းအရသိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်မှစ၍ ဟားဗတ်တက္ကသိုလ်၏ ကျောင်းသားနှင့်ဧည့်သည်လဲလှယ်ရေးအစီအစဉ်ကို အဆုံးသတ်ရန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ် က ညွှန်ကြားထားကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။
ဟားဗတ်တက္ကသိုလ်က အကြမ်းဖက်မှု ၊ ဂျူးဆန့်ကျင်ရေးဝါဒကို အားပေးအားမြှောက် လုပ်နေပြီး တရုတ်ကွန်မြူနစ်ပါတီ နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဝန်ကြီးနိုအမ် က စွပ်စွဲပြောကြားသည်။
ထောင်ပေါင်းများစွာသော ကျောင်းသားများကို ထိခိုက်မည့် ထရန့်အစိုးရ၏ လုပ်ရပ်မှာ တရားမဝင်ကြောင်း နှင့် လက်စားချေမှု မြောက်ကြောင်း ဟားဗတ်တက္ကသိုလ်ဘက်က ပြောကြားသည်။
ယင်းဆုံးဖြတ်ချက်မှာ မက်ဆာချူးဆက်ပြည်နယ် အခြေစိုက် နာမည်ကျော်တက္ကသိုလ်ကြီးအပေါ် ထရန့် အစိုးရ၏ အရေးယူမှု သိသာထင်ရှားစွာ အရှိန်မြင့်တက်လာမှုဖြစ်ကာ ဟားဗတ်မှ နိုင်ငံခြား ကျောင်း သားဗီဇာကိုင်ဆောင်ထားသူ တချို့၏ အချက်အလက်များပေးအပ်ရန် ဝန်ကြီးနိုအမ်၏ တောင်းဆိုမှုကို ဟားဗက် က ငြင်းဆိုခဲ့ပြီးနောက် ထွက်ပေါ်လာကြောင်း ဌာနက ပြောကြားသည်။
ဟားဗတ်တက္ကသိုလ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံတကာကျောင်းသား ၆၈၀၀ ဦးကို လက်ခံခဲ့ကာ စုစုပေါင်း ကျောင်းသားအရေအတွက်၏ ၂၇ ရာခိုင်နှုန်းရှိကြောင်း ယင်းတက္ကသိုလ်၏ အချက်အလက်များအရသိရသည်။
၂၀၂၂ ခုနှစ် က ယင်းတက္ကသိုလ်၌ တက်ရောက်နေသော ‌တရုတ်ကျောင်းသား ၁၀၁၆ ဉီးရှိပြီး နိုင်ငံ တကာကျောင်းသားများတွင် အများဆုံးအုပ်စုဖြစ်သည်။
ယင်းနောက်တွင် ကနေဒါ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗြိတိန် ၊ ဂျာမနီ၊ ဩစတြေးလျ ၊ စင်ကာပူနှင့် ဂျပန် တို့ ရပ်တည်နေသည်။
အဆိုပါကိစ္စအပေါ် မှတ်ချက်ပေးရန် တောင်းဆိုမှုကို ဝါရှင်တန်မြို့ တရုတ်သံရုံးက ချက်ခြင်းမတုံ့ပြန်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
တက္ကသိုလ်များ၏ နိုင်ငံတကာကျောင်းသားလက်ခံခွင့်သည် ရပိုင်ခွင့်တစ်ခုမဟုတ်ဘဲ အထူးအခွင့် အရေး တစ်ရပ်သာ ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး နိုအမ် က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားသည်။
မကြာသေးမီသီတင်းပတ်အတွင်း ဟားဗတ်တက္ကသိုလ်အတွက် ဖက်ဒရယ်အစိုးရ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကို သမ္မတဒေါ်နယ်ထရန့် က ဆိုင်းငံ့ထားပြီး တက္ကသိုလ်က တရားစွဲထားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image