#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်တွင် မိုးကြီးပြီးမြေပြို နှစ်ဦးသေ၊ ၁၉ ဦး ပျောက်ဆုံး
တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် မေ ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေကြောင်းတာဝန်ရှိသူများက ပြောသည်။
သေဆုံးသူနှစ်ဦး၏ရုပ်အလောင်းများကို ချန်ရှီဒေသတွင်တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင်သတင်းဌာနကဆိုသည်။ အနီးနားရှိကျေးရွာတစ်ရွာတွင်လည်း မြေပြိုမှုကြောင့် လူ ၁၉ ဦး ပိတ်မိနေကြောင်း ကနဦးသတင်းများက ဆိုသည်။
တောင်ထူထပ်သော ကွေ့ကျိုးနှင့်အနီးဝန်းကျင်ရှိဟူနန်၊ ကွမ်ရှီးပြည်နယ် တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တတိယအဆင့် အရေးပေါ် တုံ့ပြန်မှုများ လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးသမား ၄၀ဝ ဖြန့်ကြက်ထားသည်။
ကွမ်တုန်းပြည်နယ်နှင့် ကွမ်ရှီးဒေသတို့တွင် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။ တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ရာသီဥတုဖောက်ပြန်မှုနှင့်ကြာရှည်သော အပူလှိုင်းများကြောင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတုအခြေအနေများနှင့် ရင်ဆိုင်နေရသည်။
တရုတ်မိုးလေဝသဌာန၏အဆိုအရ ၂ဝ၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၆ဝ ကာလနှင့်နှိုင်းယှဉ်ပါက အပူဆုံးနှစ်ဖြစ်ခဲ့ပြီး အပူချိန်နှစ်နှစ်ဆက်တိုက် စံချိန်တင်ခဲ့သည့်ဒုတိယမြောက်နှစ်လည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စီအင်န်အေ

image