ကိုယ့်ကို ချစ်အောင်လုပ်လိုက်တဲ့ အလုပ်ဟာလည်း အပိုသက်သက်ပါပဲ ။ ကိုယ်ကချစ်ရင် ချစ်တဲ့အလျောက် ရိုးရိုးလေး လုပ်ပေးလိုက်တာက ပိုကောင်းပါတယ် ။ တုံ့ပြန်မှုကို မျှော်လင့်ပြီး လုပ်သမျှဟာ ပူလောင်မှုကိုသာ ပြန်ရတတ်တယ် ။ အချစ်ခံရအောင်ဆိုတဲ့သဘောနဲ့ လုပ်ယူထားတာ
မရှိရင် ငါတော့ ပေးဆပ်လိုက်လျောရလေခြင်း ဆိုတာမျိုး မရှိတော့ အရှုံးမရှိဘူးပေါ့ ။
ဘဝသက်တမ်းဆိုတာ များများလာတာမှ မဟုတ်တာ ၊ တစ်နေ့တခြား နည်းနည်းလာတာမို့ နေရတဲ့အခိုက်မှာ အရှုံးမထွက်ဘဲ မြတ်ပဲမြတ်ချင်လာမိတယ် ။ ကိုယ့်ဘဝကို ကိုယ့်အတွက်ပဲ ရှင်သန်ချင်လာတော့တယ် ။ အဲဒီအတွက် အကောင်းဆုံးရွေးချယ်မှုက သူတစ်ပါးရဲ့ အထင်အမြင်တွေ ဖယ်ထုတ်လိုက်ဖို့ပဲလို့ ခံယူမိတယ် ။
သူများ အထင်ကြီးလို့ တကယ် ကြီးမသွားသလို ၊ သူများ အထင်သေးလို့လည်း တကယ် သေးမသွားပါဘူး ။
တကယ့်ပျော်ရွှင်မှုက ကိုယ့်ရဲ့အတွင်းစိတ် Inner Mind မှာပဲ ရှိတာပါ ။ အယောင်ဆောင်နေရင် အဆောင်ယောင်ကို တန်ဖိုးထားတဲ့သူတွေပဲ ကိုယ့်အနား ရောက်လာမှာ ။ အရေအတွက် ဘယ်လောက်ပဲ နည်းနည်း ကိုယ့်ရဲ့ အစစ်အမှန်ကို လက်ခံတဲ့သူတွေနဲ့ပဲ အတူ ရှိချင်တော့တယ် ။ ဘဝရဲ့ပျော်ရွှင်မှုကို အဟန့်တားနိုင်ဆုံး အရာနှစ်ခုက ပစ္စုပ္ပန်မှာမနေခြင်း နဲ့ သူများကို ကြည့်လွန်းခြင်းတို့ပဲ ဖြစ်ပါတယ် ။ ကိုယ့်ဘဝအတွက် တကယ် အသုံးလည်း မဝင် ၊ အရေးလည်း မပါတဲ့ အရာမှန်သမျှ ဖြတ်ထုတ်ဖယ်ချနိုင်တာ အကောင်းဆုံးပါပဲ ။
#ငွေတီဦး

image