6 ပတ် - ဘာသာပြန်ပါ။

#ဆက်ရန်
စကြဝဠာရဲ့ ပြီးပြည့်စုံသော သီအိုရီကို ရှာဖွေခြင်း (The Search for The Theory of Everything)
ကျွန်တော်တို့ လူသားတွေဟာ စကြဝဠာကြီးဖြစ်ပေါ်လာပုံကို နားလည်သဘောပေါက်ဖို့ ရှေးယခင် ခေတ်ကတည်းက ကြိုးပမ်းခဲ့ကြပါတယ်။
အရာအားလုံးရဲ့ အခြေခံနိယာမကို ရှာဖွေလိုတဲ့ ဆန္ဒဟာ ကျွန်တော်တို့ရဲ့ သိပ္ပံပညာရပ် တိုးတက်မှုရဲ့ မောင်းနှင်အားတစ်ခုလို့ ပြောလို့ရပါတယ်။
ဒီလိုရှာဖွေမှုရဲ့ အမြင့်ဆုံးပန်းတိုင်ကတော့ "Theory of Everything" (ToE) လို့ခေါ်တဲ့ စကြဝဠာထဲက ရူပဗေဒနိယာမ အားလုံးကို တစ်ခုတည်းသော သီအိုရီနဲ့ ရှင်းပြနိုင်မယ့် အယူအဆတစ်ခုကို ရှာဖွေဖို့ပါပဲ။
လောလောဆယ်မှာ ကျွန်တော်တို့မှာ စကြဝဠာကို ရှင်းပြထားတဲ့ အလွန်အောင်မြင်တဲ့ သီအိုရီကြီး နှစ်ခုရှိပါတယ်။ခေတ်သစ်ရူပဗေဒ ပညာရပ်ရဲ့အထင်ကရ ဒေါက်တိုင်ကြီးနှစ်ခုဆိုရင် မမှားပါဘူး ။
၁၉၁၅ ခုနှစ်မှာ နိုဗယ်ဆုရ ပညာရှင်ကြီး Albert Einstein တီထွင်ခဲ့တဲ့ General Relativity အထွေထွေ နှိုင်းရ သီအိုရီကတော့ ဒြပ်ဆွဲအား (gravity) နဲ့ ကြီးမားတဲ့ အရာဝတ္ထုတွေ (stars, galaxies, planets) ရဲ့ အပြုအမူကို ရှင်းပြပါတယ်။
ဥပမာ- ဂြိုလ်တွေ ဘယ်လို လှည့်ပတ်နေသလဲ၊ Black Hole တွေ ဘယ်လို ဖြစ်ပေါ်လာသလဲ၊ ဒါမှမဟုတ် စကြဝဠာကြီး ဘယ်လို ကျယ်ပြန့်နေသလဲဆိုတာတွေကို ဒီသီအိုရီက ရှင်းပြနိုင်ပါတယ်။
အိုင်းစတိုင်းရဲ့ ဒီသီအိုရီကို ထောက်ခံတဲ့ သက်သေများစွာကိုလည်း တွေ့ရှိထားပါတယ်။
Quantum Mechanics ကွမ်တမ် မက္ကင်းနစ်သီအိုရီကတော့ အလွန်သေးငယ်တဲ့ အရာဝတ္ထုတွေ (subatomic particles) ရဲ့ အပြုအမူကို ရှင်းပြပါတယ်။
ဥပမာ- အက်တမ်တွေ ဘယ်လို ဖွဲ့စည်းထားသလဲ၊ အလင်းနဲ့ ဒြပ်သားတွေ ဘယ်လို အပြန်အလှန်သက်ရောက်သလဲ စတာတွေကို နားလည်စေပါတယ်။
ကျွန်တော်တို့ရဲ့ ကွန်ပျူတာတွေ၊ လေဆာတွေနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ အားလုံးဟာ Quantum Mechanics ရဲ့ နိယာမတွေအပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။
CERN လို ဥရောပအထင်ကရဓါတ်ခွဲခန်းတွေမှာ ဒီ quantum mechanics ရဲ့ အခြေခံအမှုန်တွေကို ပစ်တိုက်ခွဲမှုတွေလုပ်ပြီးလေ့လာနေကြပါတယ်။
ပြဿနာကတော့ ဒီသီအိုရီကြီး နှစ်ခုစလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အလွန်အောင်မြင်ပေမယ့် တစ်ခုနဲ့တစ်ခု သဟဇာတ မဖြစ်ကြပါဘူး။
ဥပမာအားဖြင့်၊ Black Hole ရဲ့ ဗဟို ချက်(singularity) လိုမျိုး နေရာတွေမှာ ဒြပ်ထုက အလွန်ကြီးမားပြီး အလွန်သေးငယ်တဲ့ နေရာမှာ စုစည်းနေတဲ့အခါ General Relativity နဲ့ Quantum Mechanics နှစ်ခုစလုံးက မရှင်းပြနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။သင်္ချာနည်းအရကို မရှင်းပြနိုင်တာမျိုးပါ။
ဒါ့အပြင် Big Bang Theory အရ စကြဝဠာကြီး စတင်ခဲ့တဲ့ အချိန်က အခြေအနေမျိုးကို ရှင်းပြဖို့ဆိုရင် ဒီသီအိုရီ နှစ်ခုကို ပေါင်းစည်းဖို့ လိုအပ်ပါတယ်။
ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ ဒီသီအိုရီနှစ်ခုကို ပေါင်းစည်းပြီး စကြဝဠာထဲက အခြေခံအားလုံးကို တစ်ခုတည်းသော နိယာမနဲ့ ရှင်းပြနိုင်မယ့် Theory of Everything (ToE) ကို ရှာဖွေနေကြတာပါ။
ToE ကို ရှာဖွေရာမှာ ထင်ရှားတဲ့ ကြိုးပမ်းမှုအချို့ ရှိပါတယ်။ပြီးခဲ့တဲ့ ရာစုနှစ်ကစပြီး ကမ္ဘာတစ်လွှားက အတော်ဆုံး သိပ္ပံပညာရှင် အယောက် ၅၀၀ လောက် က ဒီနေ့အချိန်မှာ TOE ကို ရှာဖွေနိုင်ဖို့ ကြိုးစားနေကြပါတယ်။
အဖြေကို မရသေးတာက သိပ္ပံပညာရှင်တွေ မကြိုးစားလို့ မတော်လို့ထက် ဒီပုစ္ဆာက ခက်ခဲပြီးရူပ်ထွေးလွန်းတာမို့ နောက်ထပ် မတူတဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ ဖြေရှင်းနိုင်မယ့် အိုင်းစတိုင်းလို ပညာရှင် တစ်ယောက်ပေါ်ထွက်လာမှာမျိုး မဟုတ်လည်း သင်္ချာ နည်းလမ်းအသစ်တစ်ချို့ ကိုတီထွင်နိုင်ဖို့လိုနေတာမျိုး ကြောင့် TOE ကို ဒီနေ့အထိ ပေါင်းစပ်ရှာဖွေဖို့ကြိုးစားနေကြပါတယ်။
ဒီအထဲက ဖြစ်နိုင်ချေ အရှိဆုံး Theory တွေထဲက အထင်ကရသီအိုရီတွေ ကို ဖော်ပြဆွေးနွေးပေးချင်ပါတယ်။
String Theory (ကြိုးသီအိုရီ)
ဒီသီအိုရီကတော့ စကြဝဠာထဲက အခြေခံ အမှုန်လေးတွေဟာ အမှတ်အစက်လေးတွေ မဟုတ်ဘဲ၊ အလွန်သေးငယ်တဲ့ တုန်ခါနေတဲ့ ကြိုးလေးတွေ နဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ဒီကြိုးလေးတွေရဲ့ တုန်ခါမှု ပုံစံအမျိုးမျိုးကပဲ ကွဲပြားခြားနားတဲ့ အမှုန်တွေကို ဖြစ်ပေါ်စေတာလို့ ယူဆပါတယ်။
String Theory ရဲ့ အားသာချက်ကတော့ General Relativity နဲ့ Quantum Mechanics နှစ်ခုစလုံးကို ပေါင်းစည်းနိုင်ဖို့ အလားအလာရှိနေတာပါပဲ။ ဒါပေမယ့် ဒီသီအိုရီကို လက်တွေ့စမ်းသပ်ဖို့ကတော့ လွန်စွာ ခက်ခဲပါတယ်။
#ဆက်ရန်