16 w - Translate

ပင်းပက်သံမဏိစက်ရုံစီမံကိန်း အပြီးသတ်ပေးမည်ဟု ရုရှား TPE ပြော
ရန်ကုန်၊ မေ ၂၂
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းလုပ်ငန်းတွေကို အောင်မြင်ပြီးမြောက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ ရုရှားအစိုးရပိုင် TPE Co., Ltd. မှ ကျွမ်းကျင်ပညာရှင်အဖွဲ့က ပြောပါတယ်။
လိုအပ်ချက်၊ အခက်အခဲတွေကိုလည်း ဖြေရှင်းကျော်လွှားနိုင်ရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမယ်လို့လည်း TPE အဖွဲ့ခေါင်းဆောင်က မေလ ၁၇ ရက်နေ့မှာ နစကဝန်ကြီး ဒေါက်တာချာလီသန်းနဲ့ တွေ့ဆုံရင်း ဆိုခဲ့ပါတယ်။
TPE ကျွမ်းကျင်ပညာရှင်အဖွဲ့အနေနဲ့ ပင်းပက်သံမဏိစက်ရုံ လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ Air Separation Unit မှာ တပ်ဆင်ထားရှိတဲ့ စက်ကိရိယာတွေကို စစ်ဆေးခြင်းနဲ့ အပြီးသတ် စက်တပ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာပါ။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကလည်း ပင်းပက်သံမဏိစက်ရုံ ပြန်လည်-လည်ပတ်နိုင်ရေးအတွက် လာရောက်တဲ့ ရုရှားနိုင်ငံမှ ပညာရှင်တွေကို ကြိုဆိုတယ်လို့ ဆိုခဲ့ပါတယ်။
အမှတ်-၂ သံမဏိစက်ရုံ (ပင်းပက်) ကို ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေ ၈ မိုင်ခန့်အကွာ ပင်းပက်ဒေသမှာရှိတဲ့ မြေ ၅၂၆၀ ဧကပေါ်မှာ တည်ဆောက်ထားတာပါ။
စီမံကိန်းအတွက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ယူရို ၁၃၇ သန်း တန်ကြေးရှိတဲ့ သဘောတူစာချုပ်-ချုပ်ဆိုခဲ့ပြီး ယခုအခါ တပ်ပိုင်စီးပွားရေးလုပ်ငန်းရှင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ရုရှားအစိုးရပိုင် TPE တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
စီမံကိန်းတစ်ခုလုံးရဲ့ ပြီးစီးမှု (၉၈)ရာခိုင်နှုန်းကျော်ရှိတဲ့ အခြေအနေမှာ NLD အစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးရဲ့ မဆင်မခြင် ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှုကို ရပ်ဆိုင်းခဲ့ရပြီး နိုင်ငံအတွက် များစွာထိခိုက်ဆုံးရှုံးမှု ဖြစ်စေခဲ့တယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောထားပါတယ်။
ရုရှားဘက်ကလည်း နစကတာဝန်ယူချိန်မှာ စီမံကိန်းအတွက် ယူရို ၁၀.၅ သန်းတန်ဖိုးရှိတဲ့ နည်းပညာအကူအညီတွေ ပေးအပ်ထားပြီး စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် ကြီးကြပ်ရန်ကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
လက်ရှိ နိုင်ငံအတွင်းမှာ ကာကွယ်ရေးဝန်ကြီးဌာနပိုင် သံမဏိစက်ရုံ (၁) ရုံ၊ စက်မှုဝန်ကြီးဌာနပိုင် (၂) ရုံ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံ (၃) ရုံ ရှိပြီး ပုဂ္ဂလိကမှတ်ပုံတင် သံရည်ကျိုလုပ်ငန်း (၃၆၂) ခု ရှိတယ်လို့ စာရင်းတွေအရ သိရှိရပါတယ်။

image